ယမန်နေ့ညမှာ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးနဲ့ လက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ စပါးက လူစားဝင် တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ဟက်ထရစ်နဲ့အတူ လက်စတာ စီးတီးကို ၆-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ကစားပုံပိုင်းမှာ သိပ်မကွာခဲ့ပေမယ့် စပါးရဲ့ ကစားသမားတွေက ဂိုးသွင်းခွင့်တွေကို သေချာ အဆုံးသတ်နိုင်ခဲ့တာကြောင့် ယခုလိုမျိုး ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိသွားခဲ့တာပါ။

Photo Credit: Sky Sports

စပါး ၆-၂ လက်စတာ စီးတီး ပွဲစဉ်မှာ စပါးအတွက် သွင်းဂိုးတွေကို လူစားဝင် တိုက်စစ်မှူး ဆွန်ဟောင်မင်က ၃ဂိုး ၊ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ၁ဂိုး ၊ ခံစစ်မှူး အဲရစ် ဒိုင်ယာက ၁ဂိုးနဲ့ ကွင်းလယ်လူ ဘန်တန်ကာက လက်စတာ စီးတီး ကွင်းလယ်ခံစစ် ကစားသမား အမ်ဒီဒီရဲ့ အမှားကနေ တဆင့် သွင်းဂိုး ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ပြီး လက်စတာ စီးတီးအတွက် သိက္ခာဆယ် ချေပဂိုးတွေကိုတော့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ တိုင်လီမန်းစ်နဲ့ မက်ဒီဆန်တို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေ အပါအဝင် အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ကစားသမားကတော့ စပါးရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင် ဖြစ်ပြီး ဆွန်ဟောင်မင်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် လက်စတာ စီးတီးနဲ့ ပွဲမှာတော့ ၁၃မိနစ် ဟက်ထရစ်နဲ့အတူ သူ ပြန်လာပြီ ဖြစ်ကြောင်း ပြိုင်ဘက်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆွန်ဟောင်မင်က ပွဲကစားချိန် ၅၉မိနစ်ကို ရောက်မှသာ ရစ်ချာလီဆန်နဲ့ လူစားလဲကာ ပွဲထဲကို ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် သူ့ရဲ့ လျင်မြန်မှု ၊ တိုးအား ရုန်းအား ကောင်းမွန်မှုနဲ့ အဆုံးသတ် တိကျမှုတို့ကြောင့် ပွဲကစားချိန် ၇၃မိနစ် ၊ ၈၄မိနစ်နဲ့ ၈၆မိနစ်တွေမှာ သွင်းဂိုးတွေ အသီးသီး သွင်းယူနိုင်ခဲ့ပြီး စပါးနည်းပြ ကွန်တီကတော့ သူဟာ ဆွန်ဟောင်မင်ရဲ့ ၁၃မိနစ် အတွင်း သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်ကြောင့် အံ့အားသင့်သွားခဲ့ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပါသေးတယ်။