တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ သူနဲ့ ပတ်သက်ပြီး ရထားတဲ့ ကိုယ်ဝန်ရှိနေကြောင်း မဟုတ်မမှန် ပြောဆိုပြီး ငွေညှစ်ဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ထံ တရားဝင် တိုင်ကြားလိုက်ပြီလို့ သတင်းများအရ သိရပါတယ်။

Yonhap News Agency နဲ့ The Korea Times တို့ရဲ့ ဖော်ပြချက်အရ ဆိုးလ်မြို့ အခြေစိုက် ရဲတပ်ဖွဲ့ဟာ ဒီအမှုနဲ့ ပတ်သက်ပြီး အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးတို့ကို အဓမ္မငွေညှစ်ဖို့ ကြိုးပမ်းမှု စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဆွန်ဟောင်မင်က သူတို့နှစ်ဦးဟာ အမျိုးသမီးငယ်မှာ ကိုယ်ဝန်ရှိကြောင်း မမှန်မကန်ပြောဆိုပြီး သူ့ဆီကနေ တောင်ကိုရီးယား ဝမ်ငွေ သန်းရာချီကို တောင်းဆိုခဲ့တယ်လို့ ရဲတိုင်ရာမှာ ထည့်သွင်းပြောဆိုထားကြောင်း သိရပါတယ်။

Photo Credit : ESPN

ဆွန်ဟောင်မင်ရဲ့ ဥပဒေအကြံပေးအဖွဲ့ကတော့ အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ကိုယ်ဝန်ရှိကြောင်း ပြောဆိုပြီး ပါးစပ်ပိတ်နေဖို့အတွက် ငွေတောင်းခံခဲ့တာလို့ အခိုင်အမာဆိုပါတယ်။ ဆွန်ဟောင်မင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်ကမှ ရဲစခန်းမှာ တရားဝင် တိုင်ကြားစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ အသက်(၃၂)နှစ်အရွယ် ဆွန်ဟောင်မင်မှာ ဇနီးမရှိသေးသလို တရားဝင်သိရတဲ့ သားသမီးလည်း မရှိသေးပါဘူး။ သူဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီးမှသာ ကလေးယူဖို့ စဉ်းစားချင်ကြောင်း လက်ရှိအချိန်မှာတော့ ဘောလုံးကိုသာ အပြည့်အဝ အာရုံစိုက်ချင်ကြောင်း အရင်က အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။

Photo Credit : Sportstat The Hindu

၂၀၁၉ ခုနှစ်က The Guardian နဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင်က “ကျွန်တော့်အဖေက ဒီလိုပြောဖူးပြီးတော့ ကျွန်တော်လည်း သဘောတူပါတယ်။ မင်းလက်ထပ်တဲ့အခါ နံပါတ်တစ်က မိသားစု ဇနီးနဲ့ ကလေးတွေဖြစ်ပြီး ပြီးမှ ဘောလုံးဖြစ်လာပါမယ်။ ကျွန်တော် အကောင်းဆုံးအဆင့်မှာ ကစားနေစဉ်အတွင်း ဘောလုံးက နံပါတ်တစ် ဖြစ်နေတာကို သေချာချင်ပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။

စပါး တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ရဲ့ လက်ရှိအသင်းနဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်မျိုး ပေါ်ပေါက်လာတာဟာ မကြာခင်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရတော့မယ့် စပါးအသင်းအတွက် အာရုံနောက်စရာတစ်ခု ဖြစ်စေပါတယ်။ ယခင်က ဆွန်ဟောင်မင်ဟာ ကိုရီးယား K-pop အဆိုရှင်တွေဖြစ်တဲ့ ဘန်မင်အာ ၊ ယူဆိုယောင်း တို့နဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။