ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဆွန်ဟောင်မင်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ သူတို့တိုက်စစ်မှူးတွေ အဆုံးသတ် ညံ့ဖျင်းခဲ့လို့ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဆွန်ဟောင်မင် ဦးဆောင်နေတဲ့ စပါးက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄) အတွက် မန်ချက်စတာ ယူနိုက်တက် ၊ ဗီလာ စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရပြီး လက်ရှိမှာ သူတို့က အဆင့်(၅)နေရာ ရောက်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် ပွဲတိုင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ စပါးတို့ ပွဲစဉ်မှာ စပါးနည်းပြ ပိုစတီဂိုဂလူက အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ အနိုင်ရလဒ် ရယူဖို့ စီစဉ်ခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့ မာကျောကျစ်လျစ်တဲ့ ကစားဟန်ကြောင့် စပါးတို့ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ကြပေမယ့် ဖူလ်ဟမ်ရဲ့ တိုက်စစ်မှူး မူနစ်ဇ်က ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးသတ်ပြနေချိန်မှာ ဆွန်ဟောင်မင် ဦးဆောင်လာတဲ့ စပါးရဲ့ တိုက်စစ်ကတော့ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဖူလ်ဟမ် ၃-၀ စပါး ပွဲစဉ်မှာ ဖူလ်ဟမ်အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး မူနစ်ဇ်က ၂ဂိုးနဲ့ ကွင်းလယ်လူ လူကစ်က ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပြီး အဝေးကွင်းမှာ ဂိုးမရခဲ့သလို ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ စပါးရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကတော့ တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ရှုံးနိမ့်ခဲ့ရတာလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်က – “ဒီလိုပွဲမျိုးကို ရှုံးနိမ့်ခဲ့တဲ့ အပေါ် လက်ခံနိုင်စရာ အကြောင်းအရင်း မရှိပါဘူး။ ကျွန်တော်တို့ ကစားသမားတွေက ဒီရှုံးပွဲ အတွက် တာဝန်ယူသင့်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ပေါ့ပေါ့တန်တန် ကစားခဲ့ကြပါတယ်။ ဒါက လက်မခံနိုင်စရာ ကစားပုံပါပဲ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ဒီလိုဆိုးရွားတဲ့ ရလဒ်မျိုးနဲ့ မထိုက်တန်ပါဘူး။ တိုက်စစ်ကစားသမားတွေက ဒီနေ့ရှုံးပွဲ အတွက် အဓိက တာဝန်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့လို့ပါ” လို့ ဖွင့်ဟ ဝန်ခံ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။