မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားက အိုင်ယာလန်အသင်းရဲ့ နည်းပြရာထူးအတွက် ရေပန်းအစားဆုံး ဖြစ်နေပေမယ့်လည်း ဆိုးလ်ရှားကတော့ ဒီရာထူးကို ရယူဖို့ ဆန္ဒမရှိပဲ ဖြစ်နေတယ်လို့ The Athletic က ဂျာနယ်လစ်က ဖော်ပြလာခဲ့ပါတယ်။

အိုင်ယာလန်အသင်းကို ၂၀၁၈ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့တဲ့ နည်းပြ စတီဗင် ကန်နီက ၂၀၂၃ နှစ်ကုန်ပိုင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့တာကြောင့် အိုင်ယာလန် ကစားသမားဟောင်းကြီး ဂျွန် အိုရှီးက အိုင်ယာလန်ရဲ့ ယာယီနည်းပြအဖြစ် ဆက်လက် ဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit : SPORTbible

The Irish Times သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ်က လာမယ့်တစ်ပတ်အတွင်းမှာပဲ အိုင်ယာလန်အသင်းရဲ့ နည်းပြသစ်တစ်ဦးကို တရားဝင် ခန့်အပ်သွားဖို့ ရှိနိုင်တယ်လို့ ဖော်ပြထားပြီး နည်းပြ ဆိုးလ်ရှားက ဒီရာထူးအတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဆိုးလ်ရှားက ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းကတည်းကနေ လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေရကာ အသင်းပေါင်းစုံနဲ့လည်း ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : Eurosport

မကြာသေးခင်ကမှ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ သတင်းထွက်ခဲ့သေးတဲ့ ဆိုးလ်ရှားဟာ ဆွီဒင် လက်ရွေးစင်အသင်းနဲ့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့သေးပေမယ့် ဆိုးလ်ရှားကတော့ ဒီကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။

အခုလည်း ဆိုးလ်ရှားဟာ အိုင်ယာလန်အသင်းရဲ့ နည်းပြရာထူးအတွက် ရေပန်းအစားဆုံး ဖြစ်နေတာတောင်မှ ဆိုးလ်ရှားက သူ့အနေနဲ့ လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်ခံဖွယ် မရှိနိုင်ဘူးလို့ သိရှိရပါတယ်။