စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုရဲ့ အဓိက ကွင်းလယ်လူ အမ်မရာဘက်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိသူ ဖြစ်ပြီး အမ်မရာဘက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မော်ရိုကို ၊ ဖီအိုရင်တီးနားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် ၊ လီဗာပူး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အခြားအသင်းတွေထက် အမ်မရာဘက်ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမ်မရာဘက်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု တချို့ လုပ်ခဲ့ပေမယ့် အမ်မရာဘက်ကတော့ အခုချိန်အထိ လီဗာပူးဆီ ပြောင်းဖို့ စိတ်မဝင်စားသေးပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Team Talk

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုကလည်း အမ်မရာဘက်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်က အမ်မရာဘက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို ဇူလိုင်လထဲမှာပဲ ရယူထားနိုင်ကြောင်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဗန်ဒီဘိခ်ကို ရောင်းထုတ်ပြီးရင် အမ်မရာဘက် အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်တော့မှာ ဖြစ်ပြီး ဖီအိုရင်တီးနားက အမ်မရာဘက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။