ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ဂျိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်လိုက်ပြီပဲ ဖြစ်ပါတယ်။

အသက် (၂၈)နှစ်အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား အမ်မရာဘတ်ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ တောက်ပခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit : Bola.net

ယူနိုက်တက်မှာတော့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတဲ့ အမ်မရာဘတ်ကို ယူနိုက်တက်ဘက်က အပြီးသတ် ခေါ်ယူခြင်း မရှိတာကြောင့် အမ်မရာဘတ်ဟာ ဖီအိုရင်တီးနားဆီသာ ပြန်လာခဲ့ရပါတယ်။ ဒါပေမယ့် အမ်မရာဘတ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကလည်း အမြောက်အများ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အမ်မရာဘတ်ကို ပရီးမီးယားလိဂ်က ဖူလ်ဟမ် ခရစ္စတယ်ပဲလေ့စ် စီးရီးအေက ဂျုဗင်တပ်စ်နဲ့ လာလီဂါက အသက်လက်တီကိုအသင်းတို့ဟနေ စိတ်ဝင်စားမှုတွေ ပြသခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အမ်မရာဘတ်ကိုယ်တိုင် မော်ရင်ဟိုရဲ့ ကလပ်အသင်းသစ် ဖီနာဘာချီဆီ ပြောင်းရွှေ့ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit : Youtube

ဖီနာဘာချီအသင်းက အမ်မရာဘတ်ကို ကနဦး တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး အငှားခေါ်ယူခအဖြစ် ယူရို (၂)သန်း ပေးချေသွားရမှာ ဖြစ်သလို အငှားခေါ်ယူမှုနဲ့အတူ ပြောင်းရွှေ့ကြေး ယူရို (၁၃)သန်း + အပိုဆုကြေး ယူရို (၃)သန်းတန် အပြီးသတ် ခေါ်ယူခွင့်လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းက အမ်မရာဘတ်ကို (၄)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ဆေးစစ်မှုတွေလည်း မကြာခင်မှာ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ဖီနာဘာချီအသင်းဟာ မော်ရင်ဟိုလို ထိပ်တန်း နည်းပြကြီးကို ခန့်အပ်ထားခဲ့တဲ့အပြင် အန်နက်ဆီရီ ၊ စိန့်မက်ဆီမင် ၊ ဆိုယန်ဂျူ ၊ ကရူးနစ်တို့ကိုလည်း ခေါ်ယူထားခဲ့ပြီး အမ်မရာဘတ်ကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။