နယ်သာလန် လက်ရွေးစင်အသင်းနဲ့ အင်တာမီလန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ရှနိုက်ဒါကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ နယ်သာလန် လူငယ် ဘယ်နောက်ခံလူ မာလာစီယာဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်ရဲ့ နံပါတ်တစ် ဘယ်နောက်ခံလူ ဘလိုင်းကို ကျော်ဖြတ်ကာ ပွဲထွက်ခွင့် ရသွားလိမ့်မယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ နယ်သာလန်ကလပ် ဖီယင်နုကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

မာလာစီယာက ဖီယင်နုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာ သူ့ရဲ့ လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားတတ်မှု ၊ တိုက်စစ်ခံစစ် မျှတစွာ ကစားနိုင်မှုတို့ကြောင့် အချိန်တို အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်လာခဲ့ပါတယ်။

မာလာစီယာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်မှုကြောင့်ပဲ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မယ့် နယ်သာလန်အသင်း အတွက် ရွေးချယ်ခံရဖို့ သေချာသလောက် ရှိနေသူပါ။

နယ်သာလန်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ရှနိုက်ဒါကတော့ မာလာစီယာရဲ့ ခြေစွမ်းတွေကို အတော်လေး သဘောကျနေပြီး မာလာစီယာရဲ့ တိုက်စစ်ခံစစ် မျှတစွာ ကစားနိုင်မှုကြောင့် မာလာစီယာဟာ အေဂျက် ဘယ်နောက်ခံလူ ဒါလေ ဘလိုင်းကို ဖြတ်ကျော်ကာ နယ်သာလန်ရဲ့ နံပါတ်တစ် ဘယ်နောက်ခံလူ ဖြစ်လာနိုင်ကြောင်း ပြောလာပါတယ်။

ရှနိုက်ဒါက – “ကျွန်တော်သာဆိုရင် မာလာစီယာကိုပဲ ဦးစားပေး ရွေးချယ်သွားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက တိုက်စစ်ကို အတော်လေး လိုက်ပါ ကစားနိုင်စွမ်း ရှိလို့ပဲ ဖြစ်ပါတယ်။ သူသာ ရှိနေရင် ကျွန်တော်တို့က ၃-၅-၂ ကစားကွက်ကို လွယ်လွယ်လေး သုံးလို့ ရပါတယ်။ ကျွန်တော်က အဲ့ဒီကစားကွက်ကို ကြိုက်ပါတယ်။ ဘလိုင်းကလည်း မာလာစီယာလိုပဲ တိုက်စစ် လိုက်ပါမှု ကောင်းမွန်တဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ခံစစ်ပိုင်းပါ။ ဒါကိုလည်း ကျွန်တော်တို့တွေ ဒီတပတ်မှာ ကစားခဲ့တဲ့ အေဂျက်နဲ့ လီဗာပူးပွဲမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ ဘလိုင်းက ခံစစ်အားသန် ဘယ်နောက်ခံလူ မဟုတ်ပါဘူး” လို့ သုံးသပ်သွားခဲ့တာပါ။

Photo Credit goes to Team Talk