အာဆင်နယ်အသင်းက ကစားသမားဟောင်းဖြစ်သူ အန်မီးလ် စမစ်ရိုးက ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်အတွင်းမှာ အာဆင်နယ်ကနေ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့လိုက်တာက သူ့အတွက်တော့ အကောင်းဆုံး ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား စမစ်ရိုးဟာ အသက် (၁၀)နှစ်သား အရွယ်ကတည်းက အာဆင်နယ် လူငယ် အကယ်ဒမီဆီကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီးတော့ (၁၆)နှစ်အရွယ်မှာပဲ အာဆင်နယ် ယူ-၂၃အတွက် စတင် ကစားပေးခွင့် ရရှိခဲ့သလို (၂)နှစ်အကြာမှာပဲ အာဆင်နယ် စီနီယာအသင်းအတွက် ပွဲထွက်ခဲ့ရပါတယ်။

Photo Credit : Hammers News

လိုက်ပ်ဇစ် ဟယ်ဒယ်စတုန်းအသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ပြီး အာဆင်နယ်ရဲ့ ကျောနံပါတ် (၁၀)ကိုပါ ဝတ်ဆင်ခွင့် ရခဲ့တဲ့ စမစ်ရိုးက အာဆင်နယ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့်လည်း ရရှိခဲ့တဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် သူရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း စမစ်ရိုးဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၉)ပွဲသာ ကစားခဲ့ရလို့ နွေရာသီမှာပဲ အာဆင်နယ်ကနေ ဖူလ်ဟမ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်ရာသီတုန်းက ကျွန်တော် ပွဲတော်တော်များများ ကစားချင်သလောက် မကစားခဲ့ရပါဘူး။ ပြီးတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ကစားချင်နေတယ် ဆိုတာကလည်း ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တယ်။”

Photo Credit : 101 Great Goals

“တစ်ခါတစ်လေကျရင် ကိုယ့်အတွက် အကောင်းဆုံးကို တွေးရပါမယ်။ ကျွန်တော်က အမြဲတမ်း အသင်းအတွက်ကိုပဲ ဦးစားပေးတက်ပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်ကိုယ်တိုင် ပျော်ရွှင်နေဖို့အတွက်ကိုလည်း လုပ်ဆောင်ရပါမယ်။ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ရတာကတော့ ကျွန်တော့်အတွက် အတော်လေး ခက်ခဲခဲ့ရတဲ့ ဆုံးဖြတ်ရချိန်တွေ ဖြစ်ခဲ့ပါတယ်။”

“ဒါပေမယ့် ဆုံးဖြတ်ပြီးချိန်မှာတော့ ဒါက ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို ဆုံးဖြတ်ခဲ့တာလို့ မိသားစုကို ကျွန်တော် ပြောပြခဲ့ပါတယ်။ အခုကတော့ ဒီကနေ ကျွန်တော်ဟာ သားရဲတစ်ကောင်လို ပြောင်းလဲလာခဲ့ပါတယ်။ ကျွန်တော် တက်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားနေပါတယ်။ ပွဲတိုင်းကိုလည်း နောက်ဆုံးပွဲစဉ်လို့ သဘောထားပြီး ကစားနေပါတယ်။ အသင်းအတွက် အရာအားလုံးကို ပေးစွမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါက အရေးကြီးပါတယ်။” လို့ စမစ်ရိုးက ဝန်ခံလိုက်ပါတယ်။