ဒီနွေဈေးကွက်မှာ ရိုးမားအသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဖေဟာအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ခရစ် စမောလင်းဟာ သူရဲ့ ပွဲဦးထွက်မှာပဲ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ပြုလုပ်မိခဲ့တဲ့အပြင် တိုက်ရိုက် အနီကတ်ပါ ပြသခံလိုက်ရပါတယ်။

အသက် (၃၄)နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး စမောလင်းဟာ ၂၀၁၉ခုနှစ်ကတည်းက ရိုးမားအသင်းဆီ ပြောင်းရွှေ့ရင်း အီတလီ စီးရီးအေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရင်းနဲ့ အခု စက်တင်ဘာလ အစောပိုင်းမှာပဲ ဆော်ဒီကလပ် အယ်လ်ဖေဟာအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : The Mirror

အယ်လ်ဖေဟာအသင်းဟာ ဆော်ဒီလိဂ်မှာ ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းမျိုး မဟုတ်ပေမယ့်လည်း စမောလင်းလို မန်ယူနိုက်တက် ရိုးမား ဖူလ်ဟမ်တို့လို အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ခေါ်ယူလိုက်နိုင်တာက အသင်းအတွက် အကျိုးရှိစေနိုင်မယ်လို့ အများက ထင်ကြေးပေးခဲ့ကြပါတယ်။

ဒါပေမယ့် စမောလင်းကတော့ အယ်လ်ဖေဟာနဲ့ အယ်လ်ရာဟတ်တို့ ပွဲစဉ်မှာ အယ်လ်ဖေဟာအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့ရင်း ပွဲစပြီး (၅)မိနစ်ခန့်လောက်အကြာမှာ သူရဲ့ own goal နဲ့ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။

Photo Credit : FanPage

ဒါတင်မကသေးပဲ ဒုတိယပိုင်း ပြန်လည် စတင်ပြီး (၁၀)မိနစ်ခန့်လောက်အကြာမှာပဲ စမောလင်းဟာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပြီး သူရဲ့ အယ်လ်ဖေဟာအသင်းဟာလည်း အယ်လ်ရာဟတ်အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီလို အဖြစ်မျိုးက စမောလင်းရဲ့ စီနီယာ ကစားသမားကြီးဖြစ်တဲ့ အင်္ဂလန် နောက်ခံလူဟောင်း ဂျိုနသန် ဝုဒ်ဂိတ်လည်း ဖြစ်ခဲ့သေးပြီး နယူးကာဆယ်ကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ဝုဒ်ဂိတ်ဟာ သူရဲ့ ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက်မှာ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရစဉ် ကိုယ့်ဂိုးကိုယ်သွင်းပြီး အနီကတ်ပါ ပြခံခဲ့ရပါတယ်။