လီဗာပူးလ်နည်းပြ အာနေး စလော့က ယနေ့ည ကစားမယ့် ဂါလာတာစာရေးအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ သူ့ရဲ့ကစားသမားတွေကို ပြီးခဲ့တဲ့ စနေနေ့က ခရစ္စတယ် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက အမှားတွေကနေ အမြန်ဆုံးသင်ခန်းစာယူဖို့ လိုအပ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ်ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ပဲလေ့စ်ကို နာကျင်အချိန်ပို (၇)မိနစ်မှာ အက်ဒီ အန်ကီးတီးယား သွင်းယူခဲ့တဲ့ဂိုးနဲ့ ၂-၁ ဂိုးဖြင့် အသည်းခွဲရှုံးနိမ့်ခဲ့ပြီး ဒါဟာ စလော့ရဲ့ ရာသီသစ် ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်စေခဲ့ပါတယ်။ စလော့ကိုယ်တိုင်ကလည်း ပဲလေ့စ်အသင်းဟာ သွင်းဂိုးမျှော်မှန်းချက် (xG) (၂.၉၂)အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှုမှာလည်း လီဗာပူးလ်ထက် သာလွန်ခဲ့တာကြောင့် ဒီရှုံးပွဲနဲ့ ထိုက်တန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
Photo Credit : FotMob
ဒီနေ့ည တူရကီမြေက ခက်ခဲတဲ့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စလော့က “နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သရေကျသည်ဖြစ်စေ လီဗာပူးလ်ဂျာစီကို ဝတ်ဆင်ထားရင် ခင်ဗျား အစွမ်းကုန်ပေးဆပ်ပြီး ဘောလုံးကောင်းကောင်း ကစားရမှာပဲ။ ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးပေးခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ်။ အဲ့ဒီအမှားတွေကို ဒီည ကစားသမားတွေကို ပြန်ပြမှာပါ။” လို့ ဆိုပါတယ်။
နည်းပြက အသင်းရဲ့ အဓိကအားနည်းချက်ဖြစ်နေတဲ့ တည်ကန်ဘော (Set-piece) ကနေ ဂိုးပေးနေရတာကိုလည်း အဓိကထောက်ပြခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီရာသီမှာ တည်ကန်ဘောကနေ (၄)ဂိုးတောင် ပေးထားရပြီ။ ပြီးခဲ့တဲ့ရာသီက တည်ကန်ဘောကနေ ဂိုးပေးရတာ ရှားပါးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမှာ သေချာပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။
Photo Credit : The Liverpool Offside
လီဗာပူးလ်အတွက် သတင်းဆိုးတစ်ခုကတော့ ခြေစွမ်းကောင်းပြသနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဖက်ဒရစ်ကို ခီယေဆာဟာ ပဲလေ့စ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီနေ့ည ပွဲစဉ်အတွက် တူရကီကို လိုက်ပါသွားခြင်း မရှိတာပါပဲ။
ဒီရာသီ (၆)ပွဲမှာ (၂)ဂိုးသွင်း (၂)ဂိုး ဖန်တီးပေးထားတဲ့ ခီယေဆာ လွဲချော်ခြင်းက အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ စလော့ကတော့ လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်အတွက် သူ့ကို စွန့်စားပြီး အသုံးမပြုခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။