လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အန်ဖီးလ်မှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် နည်းပြအာနယ် ဆလော့ကတော့ လာမယ့်ရာသီမှာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရေးအတွက် အခုကတည်းက ကြိုတင် ပြင်ဆင်နေပြီဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းကို (၁၀)မှတ်အသာနဲ့ အမှတ်ဖြတ်ပြီး ပွဲစဉ်(၄)ပွဲလောက် အလိုကတည်းက ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်သလို နည်းပြဆလော့ကတော့ အသင်းရဲ့ (၂၁) ကြိမ်မြောက် အမှတ်ပေးလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ပါ မျှော်လင့်နေပါတယ်။

Photo Credit : The New York Times

Sky Sports သတင်းဌာနက လာမယ့်ရာသီအတွက် ဘယ်အချိန်ကတည်းက အာရုံစိုက်ပြင်ဆင်နေပြီလဲလို့မေးမြန်းရာမှာ ဆလော့က “ဖြစ်နိုင်တာကတော့ လွန်ခဲ့တဲ့ လေးပတ်လောက်ကတည်းကပါပဲ။ ဒါက ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ရာသီအတွင်းမှာတောင်မှ သင်က နောက်ရာသီအတွက် ကြိုကြည့်နေရတာပါ။ အားကစားဒါရိုက်တာကတော့ ရေရှည်အတွက် ကျွန်တော့်ထက်ပိုပြီး ပါဝင် ပတ်သက်ပေမယ့် သူက ကျွန်တော့်ကို အမြဲတမ်း အသိပေးထားပါတယ်။ ခင်ဗျားတို့လည်း မျှော်လင့်ထားသလိုပေါ့” လို့ ဖြေကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကစားသမားအများအပြားနဲ့ သတင်းထွက်နေပြီး ဒီနွေရာသီမှာ ငွေကြေးအများအပြားသုံးစွဲသွားဖို့ ရှိနေကာ ဆလော့ကလည်း အပြောင်းအရွှေ့ပစ်မှတ်တွေနဲ့ ပတ်သက်ပြီး ကလပ်အသင်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ကျွန်တော်တို့ အခုပစ်မှတ်ထားနေတဲ့ ကစားသမားတွေက ပြီးခဲ့တဲ့အပတ်ကမှ ပေါ်လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာပါ” လို့ ပြောပါတယ်။

Photo Credit : FotMob

ဆလော့ရဲ့ လီဗာပူးလ်အသင်းဟာ ရာသီအစကတည်းကနီးပါး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပေမယ့် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ မန်စီးတီးကို ၂-၀ နဲ့အနိုင်ရပြီး (၁၁)မှတ်အထိ ဖြတ်နိုင်ခဲ့ချိန်ကျမှသာ ချန်ပီယံဘွဲ့ကို လက်လှမ်းမီပြီလို့ စတင်ယုံကြည်ခဲ့ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ပွဲစဉ်(၃)မှာ မန်ယူနိုက်တက်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲကလည်း သူတို့အသင်း ဘယ်လောက်အထိ အောင်မြင်နိုင်တယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲပေးခဲ့တဲ့ အရေးပါတဲ့ပွဲ ဖြစ်တယ်လို့ ဆလော့က ရှုမြင်ပါတယ်။

“ဒီရာသီမှာ ကျွန်တော်တို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ တွေးမိခဲ့တာက ရာသီအစ ယူနိုက်တက်နဲ့ပွဲအပြီးမှာပါပဲ။ အဲ့ဒီမတိုင်ခင်မှာ ကျွန်တော်တို့ အသင်းကောင်းတွေနဲ့ ကစားခဲ့ရပေမယ့် သူတို့ကို သူတို့ကွင်းမှာ ၃-၀ နဲ့အနိုင်ရခဲ့တာက သူတို့ကို ထိပ်ဆုံး(၆)သင်းထဲ ဝင်လိမ့်မယ်လို့ မျှော်လင့်ထားချိန်မှာ ‘အိုခေ ငါတို့ ဒီရာသီ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်ပြီ’ ဆိုတဲ့အတွေးဝင်ခဲ့ပါတယ်။ ပြီးတော့ စီးတီးကွင်းက အပြန်မှာတော့ တခြားအသင်းတွေ ကျွန်တော်တို့အထက်မှာ ရာသီသိမ်းဖို့ ခက်ခဲသွားလောက်ပြီလို့ တကယ်တွေးမိခဲ့တဲ့ အခိုက်အတန့်ပါပဲ။” လို့ ဆိုပါခဲ့တယ်။