လီဗာပူးလ်အသင်းနည်းပြ အာနယ် ဆလော့က အသင်းရဲ့ တိုက်စစ် အဆုံးသတ်ပိုင်းမှာ ပြင်းထန်မှု လျော့ရဲခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပေမယ့် တနင်္ဂနွေနေ့ က ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ ခြေစွမ်းပိုင်းက အလုံးစုံ ကျဆင်းသွားတာမျိုး မရှိခဲ့ဘူးလို့ ခံစားရကြောင်း ပြောကြားလိုက်ပါတယ်။

ချန်ပီယံအသစ်စက်စက် ဖြစ်ထားတဲ့ လီဗာပူးလ်အသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီ သူတို့ရဲ့ တတိယမြောက် လိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ မှတ်တမ်းတစ်ခုအရ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် ကစားတဲ့ ပထမဆုံး လိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ သမိုင်းတစ်လျှောက် စတုတ္ထမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ပွဲစဉ်အတွင်း ဆလော့ရဲ့ လီဗာပူးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၄.၆% အထိ ရယူနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ်(၉၀)လုံးမှာ ဂိုးပေါက်တည့်မှု (၂)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒတ်ချ်လူမျိုး နည်းပြဆလော့က တိုက်စစ် အဆုံးသတ်ပိုင်းမှာ ထိရောက်မှု မရှိခဲ့တာက အရေးပါတဲ့ အချက်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ “အများကြီးသော ကိစ္စရပ်တွေမှာ ခြေစွမ်းကျဆင်းသွားတာကို ကျွန်တော် မတွေ့ခဲ့ရပါဘူး။” လို့ ဆလော့က BBC Match of the Day ကို ပြောပါတယ်။

“ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဘာကြောင့် ဒီလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလဲဆိုတာကို မြင်တွေ့နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်တန်းကနေ ဘောလုံးကို ကောင်းကောင်းမွန်မွန် ထုတ်ယူ ကစားနိုင်ခဲ့တယ်။ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့ပြီး လက်မြှောက် အရှုံးမပေးခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် အရင်ကတည်းက ပြောခဲ့သလိုပါပဲ။ အသေးစိတ် ကွာခြားချက်တွေက သေးငယ်ပါတယ်။ တချို့ အခိုက်အတန့်တွေမှာ ရာခိုင်နှုန်းအနည်းငယ်လောက် လိုအပ်နေခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်”

Photo Credit : GB News

“ချယ်လ်ဆီးက တန်ပြန်တိုက်စစ်မှာ အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်နေခဲ့တယ်။ သူတို့က တကယ်ကို အသင်းကောင်းတစ်သင်းပါ။ အသင်းလိုက် စုဖွဲ့မှု ကောင်းသလို တစ်ဦးချင်း အရည်အသွေးမြင့် ကစားသမားတွေလည်း အများကြီး ရှိပါတယ်။ ဟုတ်ပါတယ် ပေးလိုက်ရတဲ့ ဂိုးတွေမှာ ကျွန်တော်တို့ (၂)ကြိမ် ချော်ထွက်သွားခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို ဖြတ်ကျော် ကစားနိုင်ခဲ့တဲ့ အကြိမ်အရေအတွက်က ရာသီဝက် အစောပိုင်းကထက် အများကြီး ပိုများလာပါတယ်။ ဒါပေမဲ့ တိုက်စစ် အဆုံးသတ်ပိုင်း (final third) မှာတော့ ကျွန်တော်တို့ ပြင်းထန်မှု လျော့ရဲခဲ့ပြီး ဂိုးရဖို့အတွက် ရာခိုင်နှုန်းအနည်းငယ်လောက် လွဲချော်ခဲ့ပါတယ်။” လို့ ဆလော့က ရှင်းပြခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးလ်အတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့တဲ့ ဗန်ဒိုက်က သူနဲ့ သူ့အသင်းဖော်တွေ ချန်ပီယံအသစ်စက်စက်ဆိုတဲ့ အဆင့်အတန်းကို ဒီပွဲမှာ မပြသနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ထင်တာတော့ ဘောလုံးပိုင်ဆိုင်မှုက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘောလုံးမရရှိတဲ့အချိန်မှာ ပြိုင်ဘက်ကို ဖိအားပေး ကစားပုံ (pressing) က မကောင်းခဲ့ဘူး။ သူတို့က ကစားကွက် လိုင်းတွေကြားမှာ နေရာလွတ်တွေ ရှာတွေ့နိုင်ခဲ့တယ်။ ပွဲအစောကြီးမှာ ဂိုးပေးလိုက်ရတာက မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း စတင် ကစားနိုင်ခဲ့ရင် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအဆုံးမှာတော့ သူတို့က အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကို အနိုင်ရဖို့ လာခဲ့တာဖြစ်တဲ့အတွက် ဒါက တကယ်ကို စိတ်ပျက်စရာပါပဲ။” လို့ ဗန်ဒိုက်က ဆိုပါတယ်။