လီဗာပူးလ်နည်းပြ အာနယ် စလော့က ထူးခြားတဲ့ မီခယ်လ် အာတီတာကို ထောက်ခံ ပြောဆိုလိုက်ပြီး အာဆင်နယ်နည်းပြအနေနဲ့ အီမီရိတ်စ်မှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအတွက် ပိုမို ချီးကျူးဂုဏ်ပြုခံထိုက်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး အာတီတာအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒါ့အပြင် သူတို့ဟာ ပရီးမီးယားလိဂ်မှာလည်း (၃)နှစ်ဆက်တိုက် ဒုတိယနေရာ ရရှိဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီနေ့ အန်ဖီးလ်ကွင်းမှာ ဂန်းနားတွေဆီက ဂုဏ်ပြုတန်းစီခံရမယ့် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ နည်းပြ စလော့က လူတွေအနေနဲ့ အာတီတာ ၂၀၂၀ ပြည့်နှစ် FA Cup ရရှိပြီးနောက်ပိုင်း ဖလားမရသေးတဲ့အချက်ကို ကျော်လွန်ပြီး ကြည့်စေချင်တယ်လို့ ဆိုပါတယ်။
Photo Credit : The Independent
“မီခယ်လ်ဟာ သူ့အသင်း ကစားပုံအတွက် ကျွန်တော့်အမြင်အရဆိုရင် အများကြီး ချီးကျူးခံသင့်ပါတယ်။ အာဆင်နယ်ဟာ ကစားဟန်ပုံစံအားလုံးနီးပါး ကစားနိုင်ပါတယ်။ ကစားဟန်တစ်မျိုးတည်း ပိုင်ဆိုင်ထားတာတောင် ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ဒါပေမဲ့ မီခယ်လ်ရဲ့အသင်းဟာ ကွဲပြားခြားနားတဲ့ ကစားဟန်တွေကို ကစားနိုင်စွမ်းရှိတယ်။ ပီအက်စ်ဂျီနဲ့ နှစ်ပွဲမှာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ သူတို့ဟာ အလွတ်တည်ကန်ဘောတွေကနေ ကစားနိုင်တယ်။”
“ခံစစ်ကို နည်းတဲ့နေရာမှာ ပိတ်ပြီး ကစားနိုင်သလို ကွင်းလယ်ကို လွှမ်းမိုးပြီး ကစားနိုင်တယ်။ မြင့်မားတဲ့ ဖိအားပေး ကစားနိုင်တယ်။ နောက်တန်းကနေ ဘောလုံးတည်ဆောက်နိုင်သလို၊ ဘောလုံးကို အရှည်ပစ်ပြီးလည်း ကစားနိုင်တယ်။ ပွဲရဲ့အပိုင်းတိုင်းမှာ သူတို့ကောင်းတယ်။ ဒါကြောင့် သူတို့ကို ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲစေတယ်။”
Photo Credit : Football London
“ဘာဖြစ်လို့လဲဆိုတော့ သင် ဘာကို ရင်ဆိုင်ရမယ်ဆိုတာ မသိနိုင်လို့ပါပဲ။ ဒီလိုမျိုး လုပ်နိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ကလပ်တစ်ခုမှာ အလုပ်လုပ်မှပဲ ရနိုင်တာမျိုးပါ။ ဒါပေမဲ့ ကလပ်တွေမှာ အကြာကြီးရှိနေတဲ့ နည်းပြတိုင်းကတော့ ကစားဟန်မျိုးစုံ ကစားနိုင်စွမ်းမရှိကြဘူး။ ဒါက ထူးခြားတယ်။ ဒီလိုမျိုး အများကြီး မတွေ့ရပါဘူး။” လို့ စလော့က ပြောကြားခဲ့ပါတယ်။
စလော့ရဲ့ ထောက်ခံပြောဆိုမှုဟာ ၂၀၂၁ ခုနှစ်တုန်းက ဒဏ်ရာရ ကစားသမားတွေနဲ့ ပြိုလဲနေတဲ့ အာဆင်နယ်ကို မန်စီးတီးက ၅-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက်ပိုင်း စီးတီးနည်းပြပက်ပ် ဂွာဒီယိုလာက သူ့လက်ထောက်နည်းပြဟောင်း အာတီတာအပေါ် ကာကွယ်ပြောဆိုခဲ့ဖူးတဲ့ အခြေအနေနဲ့ ဆင်တူနေပါတယ်။