လီဗာပူးလ်အသင်းကတော့ ဒီတစ်ပတ်အတွင်းမှာပဲ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နယူးကာဆယ်ကိုလည်း လိဂ်ဖလား ဖိုင်နယ်ပွဲမှာပါ (၁)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရင်း ဆုဖလား(၃)လုံးလမ်းကြောင်းကနေ လုံးဝ သွေဖယ်သွားခဲ့ရပါတယ်။
လီဗာပူးလ်နည်းပြ အာနေး စလော့အနေနဲ့ကလည်း လီဗာပူးလ်နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီရှုံးပွဲတွေကြောင့်ပဲ ဆုဖလား(၂)လုံး မျှော်လင့်ချက်ပါ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့်(၂)နေရာက အာဆင်နယ်အသင်းကို ရမှတ်(၁၂)မှတ်အထိပါ ဖြတ်တောက်ထားနိုင်ဆဲ ဖြစ်ပါတယ်။
Photo Credit : talkSPORT
လက်ရှိမှာ လီဗာပူးလ်က ဒီရာသီထဲ ပရီးမီးယားလိဂ်ဖလား တစ်ခုတည်းကိုသာ ရယူနိုင်တော့မယ့် အခြေအနေမျိုး ဖြစ်နေပြီး အခုလို (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ရခြင်းအပေါ် နည်းပြစလော့က “ကျွန်တော်တို့တွေ (၂)ပွဲဆက်တိုက်ရှုံးဖို့ (၇)လထိကြာခဲ့တယ်။ ဒါက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့အသင်းတစ်သင်းနဲ့ ပီအက်စ်ဂျီတို့ကို ရှုံးခဲ့တာပါ။”
“အခုအချိန်မှာ ပီအက်စ်ဂျီက ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်နိုင်သလို ဒီအပတ်ရဲ့ အစပိုင်းမှာ ကျွန်တော်တို့က ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဦးဆောင်မှုက ၁၂ မှတ်ရှိသွားတယ်ဆိုတာ ရှင်းအောင်ပြောချင်တယ်။ ပြိုင်ပွဲတွေမှာ ရှေ့ဆက်သွားရင်းနဲ့ ပြိုင်ဘက်တွေက ပိုပြီးအားကောင်းလာတယ်ဆိုတာ သိသာပါတယ်။ လီဗာပူးလ်လိုအသင်းတောင် ပွဲတွေရှုံးနိုင်တယ်။”
Photo Credit : Flesh Score
“နယူးကာဆယ်ကလည်း နောက်ဆုံးဖလားရခဲ့တာ နှစ်(၇၀)လောက် ရှိပါပြီ၊ ဒါက အသင်းပရိသတ်တွေအတွက်ပါ။ ကစားသမားတွေမှာတော့ ဘောလုံးကစားဖို့က (၁၅)နှစ်လောက် ရှိပါတယ်။ သူတို့ကစားတဲ့ ဖလားပွဲစဉ်တိုင်းကို အနိုင်ရချင်ကြတယ်။ ဒါင ကျွန်တော်တို့လည်း လိုချင်တာပါပဲ။ သူတို့ဟာ ဂိုးသွင်းပြီးနောက်မှာ အပိုစွမ်းအင်တွေ ရလာခဲ့တယ်၊ ဒါက သူတို့ ခံစားပိုင်ခွင့်ရှိတာပါ၊ ဒါကြောင့် သူတို့မှာ ပိုဆာလောင်တယ်လို့ မထင်ပါဘူး။ ပွဲက သူတို့လိုချင်တဲ့အတိုင်း ဖြစ်သွားတာပါ။” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ လီဗာပူးလ်က ပရီးမီးယားလိဂ်ပွဲတွေကိုသာ ဆက်လက် ကစားသွားရဖို့ ရှိနေပြီး လက်ကျန်(၉)ပွဲမှာ အဲဗာတန် ဖူလ်ဟမ် ဝက်စ်ဟမ်း လက်စတာ စပါး ချယ်လ်ဆီး အာဆင်နယ် ဘရိုက်တန် ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားရမှာဖြစ်ကာ လီဗာပူးလ်အနေနဲ့ ခြေချော်မှု မရှိဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို စောစောစီးစီး ရရှိသွားနိုင်ပါတယ်။