လီဗာပူးလ်နည်းပြ အာနယ် စလော့ဟာ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုရဲ့ လူးဝစ် ဒီယက်ဇ်အပေါ် ပေါ်ပေါ်တင်တင် စိတ်ဝင်စားကြောင်း ပြောကြားချက်ကို ဘာစီလိုနာကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ လာမင်း ယာမယ်လ် နဲ့ ရာဖင်ဟာတို့ကို မိမိလည်း သဘောကျကြောင်း အရွှန်းဖောက် တုံ့ပြန်လိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုဟာ လီဗာပူးကစားသမား လူးဝစ် ဒီယက်ဇ် နဲ့ မန်ချက်စတာ ယူနိုက်တက်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အဆိုပါကစားသမားတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာဟာ သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေကို မလေးစားရာရောက်တယ်လို့လည်း ဆိုခဲ့ပြန်ပါတယ်။

Photo Credit : Goal

ကာတာလန်ဘီလူးကြီးတို့ဟာ ဒီရာသီမှာ ပွဲပေါင်း(၅၀)နီးပါး ကစားထားရတဲ့ ယာမယ်လ် နဲ့ ရာဖင်ဟာတို့လို ကစားသမားတွေရှိနေတဲ့ သူတို့ရဲ့ အင်အားကြီးမားလှတဲ့ တိုက်စစ်ပိုင်းကို နောက်ထပ်တောင်ပံကစားသမားတစ်ဦးနဲ့ အင်အားဖြည့်တင်းလိုနေတာပါ။ ဒါပေမဲ့ ဒီယက်ဇ်အပေါ် လူသိရှင်ကြား စိတ်ဝင်စားကြောင်း ကြေညာခဲ့တာကိုတော့ စလော့က ရယ်မောပစ်ခဲ့ပါတယ်။

အသင်းကို ရောက်လာနိုင်ခြေရှိတဲ့ ကစားသမားတွေအကြောင်း ပြောရာမှာ ဒေကိုက “တခြားကလပ်တွေနဲ့ စာချုပ်ရှိနေတဲ့ ကစားသမားတွေအကြောင်း ပြောရတာ လေးစားမှုအရ ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ လူးဝစ်(ဒီယက်ဇ်)ကို သဘောကျတယ်။ (မားကပ်စ်) ရက်ရှ်ဖို့ဒ်ကိုလည်း သဘောကျတယ်။ တခြားကစားသမားတွေကိုလည်း သဘောကျပါတယ်။ ကျွန်တော်တို့ ဈေးကွက်ထဲဝင်တဲ့အခါ သိထားပြီးသား နာမည်တွေ ရှိသလို အသင်းကို တိုးတက်လာစေမယ့် ကစားသမားတွေလည်း ရှိပါတယ်။” လို့ ဆိုပါတယ်။

Photo Credit : ESPN

ဒေကိုရဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ စလော့က သတင်းစာရှင်းလင်းပွဲမှာ “ကလပ်တိုင်းမှာ သူတို့ရဲ့လုပ်နည်းလုပ်ဟန်ကိုယ်စီ ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ မခေါ်ယူရသေးတဲ့ တခြားကလပ်က ကစားသမားတွေအကြောင်း မပြောတတ်ဘူးဆိုတာ ခင်ဗျားတို့အသိပါ။ သူ(ဒေကို)က လူချို ဒီယက်ဇ်ကို အရမ်းသဘောကျတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။”

“ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို အရမ်းသဘောကျလို့ပါပဲ။ သူက ထူးချွန်တဲ့ကစားသမားဖြစ်ပြီး လက်ရှိရာသီမှာလည်း ခြေစွမ်းကောင်းတွေပြသနေပါတယ်။ ဒေကိုက ကစားသမားတချို့ကို သဘောကျသလို ကျွန်တော်တို့အားလုံးလည်း သဘောကျကြတာပါပဲ။ ကျွန်တော်လည်း လာမင်း ယာမယ်လ် နဲ့ ရာဖင်ဟာတို့ကို အရမ်း သဘောကျပါတယ်။” လို့ ပြန်လည်စနောက်ခဲ့ပါတယ်။