လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဝိုင်နယ်လ်ဒမ်ကတော့ လက်ရှိ လီဗာပူးလ်အသင်း နည်းပြသစ် အာနယ် ဆလော့က အသင်းနည်းပြဟောင်းကြီး ယာဂင် ကလော့ပ်နဲ့ ကလော့ပ်ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်ခဲ့သူ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုတို့လို အဆင့်မျိုး ဖြစ်တယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းနဲ့ ကာလရှည်ကြာ လက်တွဲခဲ့ပြီး အသင်းကိုလည်း ဆုဖလား အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နည်းပြကြီး ကလော့ပ်နဲ့ လက်တွဲဖြုတ်ရတော့မယ့်အချိန်မှာ ကလော့ပ်နေရာမှာ အစားဝင်လာနိုင်မယ့် နည်းပြတွေကို အသေအချာ ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ ဖိုင်ယင့်နောအသင်းရဲ့ နယ်သာလန်လူမျိုး ဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit : Football365

နယ်သာလန် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆလော့ဟာ အသက် (၄၅)နှစ်သာ ရှိနေသေးပြီး နည်းပြအတွေ့အကြုံ နုနယ်သေးပေမယ့် ဖိုင်ယင်နော့ကို ကိုင်တွယ်ချိန်မှာတော့ ၂၀၂၂-၂၃ ရာသီမှာ နယ်သာလန် အမှတ်ပေးလိဂ်ဖလားနဲ့ ပြီးခဲ့တဲ့ရာသီမှာလည်း နယ်သာလန် ရှုံးထွက်ဖလားကို ရယူပေးနိုင်ခဲ့သလို နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံးနည်းပြဆုကိုပါ (၂)ရာသီဆက်တိုက်အထိ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ကလော့ပ်နေရာကို ဝင်ရောက်လာတဲ့ နည်းပြက ကလော့ပ်လို ပုံရိပ်မြင့်မားတဲ့ နည်းပြမျိုး ဖြစ်မနေတဲ့အပြင် နယ်သာလန်လိဂ်က ရောက်လာတဲ့ နည်းပြဖြစ်နေတာကြောင့် လီဗာပူးလ်ပရိသတ်တချို့က စိတ်တိုင်းမကျ ဖြစ်နေရပေမယ့်လည်း ကစားသမားဟောင်း ဝိုင်နယ်လ်ဒမ်ကတော့ ဆလော့ဟာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AD

“ကျွန်တော် ဒီရာသီအစပိုင်းတုန်းက ဖိုင်ယင်နော့အသင်းမှာ ရက်အနည်းငယ်လောက်ကြာအောင် လေ့ကျင့်ခန်းတွေ ဆင်းနေရင်းနဲ့ ဆလော့ရဲ့ အလုပ်လုပ်ပုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော် မြင်ခဲ့ရတာတွေက အရမ်းအဆင့်မြင့်တယ် အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်မိပါတယ်။”

“ကျွန်တော် သူ့ကို ကလော့ မော်ရင်ဟိုတို့နဲ့ပါ နှိုင်းယှဉ်နိုင်ပြီးတော့ ဆလော့က ဒီနည်းပြတွေနဲ့ပါ အဆင့်တူတယ်လို့လည်း ပြောနိုင်တယ်။ အခုဆိုရင် သူဟာ နယ်သာလန်လိဂ်နဲ့ လုံးဝ မတူကွဲပြားတဲ့ နေရာတစ်ခုဆီ ရောက်ရှိနေပါပြီ။ ဒါပေမယ့် ဒါက သူ အခုနေရာသစ်မှာ ဖိုင်ယင်နော့မှာ လုပ်ပြခဲ့သလိုမျိုးတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ သူ လုပ်ပြနိုင်ပါလိမ့်မယ်။” လို့ ဝိုင်နယ်လ်ဒမ်က သုံးသပ်သွားခဲ့ပါတယ်။