နယ်သာလန် ထိပ်သီးကလပ် ဖီယင်နုရဲ့ နည်းပြချုပ် ဖြစ်သူ အာနီ ဆလော့တ်က သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကို ပြောင်းလဲ ကိုင်တွယ်ချင်နေပြီး ဖီယင်နုဘက်က သူ့ကို အသင်းပြောင်းခွင့် ပေးမယ်လို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တရားဝင် ထုတ်ပြောသွားခဲ့ပါတယ်။

အသက် ၄၅နှစ် အရွယ် နယ်သာလန်လူမျိုး နာမည်ကြီးနည်းပြ အာနီ ဆလော့တ်က ၂၀၂၁ခုနှစ်မှ စတင်ကာ ဖီယင်နုကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဖီယင်နုက တိုက်စစ်အားသန်အသင်း တသင်း ဖြစ်လာသလို ပြည်တွင်းမှာ အေဂျက်ရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်ကာ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အာနီ ဆလော့တ်က ဖီယင်နုနည်းပြဘဝ ၄နှစ်တာ ကာလအတွင်းမှာ ဖီယင်နုအတွက် နယ်သာလန်လိဂ်ဖလား ၁လုံးနဲ့ နယ်သာလန် ရှုံးထွက်ဖလား ၁လုံးတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီးနည်းပြ တဦးအား အပူတပြင်း လိုက်လံ ရှာဖွေနေပြီး လီဗာပူးဟာ လေဗာကူဆင်နည်းပြချုပ် ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ကလော့ပ်နဲ့ ကစားပုံချင်း ဆင်တဲ့ အာနီ ဆလော့တ်ကို ပြောင်းလဲ ချိတ်ဆက်လာတာပါ။

Photo Credit: Sky Sports

လက်ရှိမှာ လီဗာပူးရဲ့ တာဝန်ရှိသူတွေက အာနီ ဆလော့တ်နဲ့ရော ၊ ဖီယင်နုနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပြီး ဆလော့တ်ဘက်က လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် လီဗာပူးဟာ ဖီယင်နုနဲ့ ဆလော့တ်အတွက် လျော်ကြေးကိစ္စ သဘောတူညီမှု ရရှိတာနဲ့ ဆလော့တ်ကို ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ဆလော့တ်ကတော့ သူဟာ လီဗာပူးရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ချင်သလို ဖီယင်နုက သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။ ဆလော့တ်က – “ကျွန်တော်က လီဗာပူးရဲ့ နည်းပြသစ် ဖြစ်လာချင်ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က ရှင်းပါတယ်။ ဖီယင်နုနဲ့ လီဗာပူးတို့က ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြပါတယ်။ ကျွန်တော်က ဘာဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ဖို့ပဲ လိုပါတယ်။ ကျွန်တော်ကတော့ နှစ်သင်းကြားမှာ သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ဖီယင်နုကလည်း ကျွန်တော့်အတွက် ခြေလှမ်းကြီး တခု ဖြစ်မယ့် လီဗာပူးအသင်းဆီ ပြောင်းမယ့် ကိစ္စကို သဘောတူပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ဖီယင်နုမှာ ပျော်နေပေမယ့် လီဗာပူးက ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ အခွင့်အလမ်း တခု ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။