အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီက ရီးယဲလ် မက်ဒရစ် ဂိုးသမား ကော်တွိုက်ရဲ့ အပြအမှုတွေက အသက်လက်တီကိုအသင်း ပရိသတ်တွေရဲ့ ဒေါသတွေကို နှိုးဆွလိုက်သလို ဖြစ်စေတယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။
မနေ့ညက ဝန်ဒါမက်ထရိုပီလီတာနိုကွင်းမှာ ကျင်းပခဲ့တဲ့ အသက်လက်တီကိုနဲ့ ရီးယဲလ်တို့ရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်ဟာ ခါးသီးမြို့ခံအသင်းတို့ ထုံးစံအတိုင်း ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ရပြီး ရီးယဲလ်ဘက်က ဦးဆောင်ဂိုးရရှိပြီး မိနစ်အနည်းငယ် အကြာမှာပဲ အသက်လက်တီကို ပရိသတ်တွေက စတင် ပွဲဆူလာခဲ့ပါတယ်။
Photo Credit : talkSPORT
ရီးယဲလ် ဂိုးသမား ကော်တွိုက်ရဲ့ ဂိုးပေါက်နားတဝိုက် မီးခြစ်တွေ အပါအဝင် အရာဝထ္တုတွေ အမြောက်အများနဲ့ ပစ်ပေါက်မှုတွေ လုပ်ဆောင်ခဲ့လို့ ပွဲကို ခေတ္တ ရပ်နားထားခဲ့ရပါတယ်။ တကယ်တော့ ကော်တွိုက်က မီလီတာအိုရဲ့ အဖွင့်ဂိုးမှာ အသက်လက်တီကို ပရိသတ်ဘက်ဆီ လှည့်လည် အောင်ပွဲခံရင်းကနေ အခုလို ပွဲဆူသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသက်လက်တီကိုနည်းပြ ဆီမြွန်နီက “ကျွန်တော်တို့အားလုံး ပါဝင်ပြီး ကူညီသွားရမယ်။ ကွင်းထဲကို မီးခြစ်တွေ ပစ်ပေါက်တာမျိုးကတော့ ကော်တွိုက် ကျွန်တော်တို့ အသင်းသားအဖြစ် ဘာနေဗျူးကွင်းမှာ ကစားခဲ့တုန်းကလည်း ကြုံခဲ့ရဖူးသေးတယ်။ သူ့ခေါင်းကိုပါ လှမ်းအပေါက်ခံရတာ။ ဒါတောင် အဲ့ဒီတုန်းက သူဟာ ဆိုးရွှားတဲ့ အပြုအမှုမျိုး လုပ်နေတာ မဟုတ်ပါဘူး။”
Photo Credit : Goal
“ဒါပေမယ့် ကျွန်တော်တို့တွေက ပရိသတ်တွေအပေါ် နှိုးဆွသလို သွားလုပ်မိရင်တော့ သူတို့တွေလည်း ဒေါသထွက်လာလိမ့်မယ်။ ဂိုးသွင်းပြီးနိုင်တဲ့အချိန် အောင်ပွဲခံမှုတွေ လုပ်ဆောင်နိုင်ပေမယ့် ပြိုင်ဘက် ပရိသတ်တွေဘက်ဆီကြည့်ပြီး အောင်ပွဲခံတာတွေ အမှုအရာ လုပ်ပြတာတွေနဲ့ အောင်ပွဲမခံသင့်ပါဘူး။ ဒီလို လုပ်မယ်ဆိုရင် ပရိသတ်တွေက ဒေါသပုန်ထလာပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ ဆီမြွန်နီက ဂိုးသမား ကော်တွိုက်ရဲ့ အပြုအမှုတွေအပေါ် မှတ်ချက်ပြုသွားခဲ့သလို အခုလို ကွင်းအတွင်း ပစ္စည်းများနဲ့ ပစ်ပေါက်ခဲ့တဲ့ အသင်းပရိသတ် တချို့ကိုလည်း ရှုံ့ချသွားခဲ့ပါသေးတယ်။ ဒါ့အပြင် အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ကော်ရီယာကလည်း ဒီလို ပြုမှုခဲ့တဲ့ ပရိသတ်တွေကို အသေအချာ ရှာဖွေပြီး နောက်တစ်ကြိမ် ကွင်းအတွင်း မဝင်လာနိုင်အောင် လုပ်ဆောင်သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။