ဘရာဇီးလ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဂီဘာတို ဆေးလ်ဗားက ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ လက်ရှိ ဘရာဇီးလ် အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီကို စွန့်ခွာဖြစ်ရင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Football Transfer

ဒါပေမယ့် ၂၀၂၁ခုနှစ် နောက်ပိုင်းမှာ နေမာဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသလို သူ့ရဲ့ အသင်းအပေါ် မလေးစားတဲ့ အပြုအမူ တချို့ကြောင့် အသင်းပရိသတ်တွေဘက်က နေမာကို စတင် ငြိုငြင်လာခဲ့ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီပရိသတ်တွေက နေမာရဲ့ အိမ်ရှေ့ထိ သွားကာ နေမာကို အသင်းကနေ ထွက်ခွာဖို့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အသင်းပရိသတ်တွေ ကိုယ်တိုင် သူ့ကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုခဲ့မှုကြောင့် နေမာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်သွားဖို့ စတင် စဉ်းစားလာခဲ့ပြီး ပီအက်စ်ဂျီကလည်း နေမာနဲ့ မက်ဆီတို့ကို လက်လွှတ်ကာ အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Transfer Market

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့က နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဘရာဇီးလ်ဂန္တဝင် ဂီဘာတို ဆေးလ်ဗားကတော့ သူဟာ နေမာကို ယခုနှစ်မှာ လှပတဲ့ ကစားဟန်နဲ့ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တဲ့ အာဆင်နယ်မှာ မြင်တွေ့ချင်ကြောင်း ပြောလာပါတယ်။

ဂီဘာတို ဆေးလ်ဗားက – “ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က နေမာအတွက် အတော်လေး ခက်ခဲတဲ့ နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက ကစားသမား တယောက်ရဲ့ အိမ်ရှေ့အထိ သွားပြီး အဲ့ဒီ ကစားသမားကို အသင်းကနေ ထွက်သွားဖို့ ပြောတဲ့ လုပ်ရပ်တွေကို ကျွန်တော် လက်မခံပါဘူး။ ဒီလိုလုပ်ရပ်မျိုးက ကစားသမား တယောက် အိမ်မက်ဆိုးတွေ ဖြစ်သလို အန္တရာယ်လည်း အလွန်များပါတယ်။ ကျွန်တော်ကတော့ ဒီလိုဖြစ်ရပ်မျိုးတွေ နောက်တခါ ထပ်မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ လူတိုင်းက နေမာရဲ့ အရည်အသွေးကို သိကြတာကြောင့် ကျွန်တော်က နေမာရဲ့ အကြောင်းကို ထပ်မပြောချင်တော့ပါဘူး။ ကျွန်တော်က နေမာရဲ့ ကစားပုံကို သဘောကျပါတယ်။ ပြီးတော့ ကျွန်တော်က နေမာကို နယူးကာဆယ်ထက် အာဆင်နယ်မှာပဲ မြင်တွေ့ချင်ပါတယ်။ ကျွန်တော်က နေမာကို ဘောလုံးသမား တယောက်အနေနဲ့ရော ကိုယ်နဲ့ သိတဲ့ ကလေးတယောက်လိုပါ ချစ်ပါတယ်။ နေမာက ဒဏ်ရာတွေ ရခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝမှာ ခက်ခဲမှုတွေ ရှိခဲ့ပေမယ့် သူ့မှာ အရည်အသွေးတွေ အများကြီး ကျန်ပါသေးတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။