ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဝါရင့် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာ သူ့ရဲ့ အမှားကြောင့် ပေးဂိုး ၁ဂိုး ခွင့်ပြုခဲ့ရလို့ ပွဲပြီးပြီးချင်းမှာပဲ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ခြေစွမ်းထက်နေတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲ ရရှိရေး အတွက် ကြိုးစားခဲ့ကြပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ နယူးကာဆယ် နည်းပြချုပ် အက်ဒီဟောင်းက အဓိက ကစားသမား တချို့ ဒဏ်ရာရနေတာကြောင့် လူငယ်ကြယ်ပွင့် မိုင်လေကို ကွင်းလယ်မှာ ထုတ်သုံးခဲ့သလို ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုကလည်း အားကျမခံ လူငယ်ကြယ်ပွင့် အူဂိုချူကူကို ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ တွဲဖက်ကာ သုံးခဲ့ပါတယ်။

နှစ်သင်းစလုံးက ကစားသမား အစုံအလင်ကို သုံးခဲ့သလို ဘောလုံးရတာနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် နယူးကာဆယ်က ပရိသတ်အားပေးမှုကြောင့် ဧည့်သည် ချယ်လ်ဆီးကို ပွဲစပွဲဆုံး စိတ်ဓာတ်အသာနဲ့ ဖိကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးက ခြေတူနေတာကြောင့် တဖက် တဂိုးစီ သွင်းကာ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင် နယူးကာဆယ်က ချယ်လ်ဆီးထက် ကစားပုံ ၊ စိတ်ဓာတ်ပိုင်း ၊ အဆုံးသတ် အစစ အရာရာမှာ သာလွန်ခဲ့တာကြောင့် အနိုင်ဂိုး ၃ဂိုး ထပ်သွင်းကာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

နယူးကာဆယ် ၄-၁ ချယ်လ်ဆီး ပွဲစဉ်မှာ သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ ချယ်လ်ဆီးနောက်တန်းက အတော်လေး အမှားများခဲ့ပြီး အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က ၂ဝါ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို သီယာဂို ဆေးလ်ဗားရဲ့ ဂိုးပေါက်ရှေ့မှာ ဘောလုံးဆုံးရှုံးမှုကြောင့် ပေးဂိုး ၁ဂိုး ခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ သီယာဂို ဆေးလ်ဗားက သူ့ရဲ့ အမှားကြောင့် ဂိုးပေးခဲ့ရမှု အတွက် ချယ်လ်ဆီးပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့တာပါ။ သီယာဂို ဆေးလ်ဗားက – “တော်တော်လေး ဝမ်းနည်းမိပါတယ်။ ဒီနေ့က ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ နေ့ရက် မဖြစ်ခဲ့ပါဘူး။ ရှုံးပွဲအတွက် ကျွန်တော်က လူတိုင်းကို တောင်းပန်ချင်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ကို ယုံကြည်ခဲ့သလို နေ့တိုင်း အားပေးနေကြတဲ့ အသင်းဖော်တွေကို ပိုပြီး တောင်းပန်ချင်ပါတယ်။ ကျွန်တော့်မှာ ဒီနေ့ရှုံးပွဲ အတွက် တာဝန် အပြည့် ရှိပါတယ်။ ကျွန်တော်တို့ အားအင်တွေ စုပြီး ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။