ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ တင်ရှားဝုဒ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ကြုံတွေ့နေရတဲ့ လီဗာပူးဟာ လာမယ့် နွေဈေးကွက်မှာ ဘရိုက်တန်ကြယ်ပွင့် မီတိုမာကို ခေါ်ယူရန် ကြိုးစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

လီဗာပူးက ဆာလာ ၊ ဖာမီနို ၊ နူနက်ဇ် ၊ ဂတ်ပို ၊ ဂျိုတာ ၊ ဒီယက်ဇ် စတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဂျိုတာ ၊ ဒီယက်ဇ်နဲ့ ဖာမီနိုတို့က ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေရတာကြောင့် တိုက်စစ်ပိုင်းမှာ ဆာလာ ၊ နူနက်ဇ်နဲ့ ဂတ်ပိုတို့ကိုသာ အားကိုးနေရပြီး အဆိုပါ ၃ဦးမှာလည်း ဆာလာ တဦးထဲကသာ ပုံမှန် ခြေစွမ်းပြနိုင်နေတာကြောင့် လီဗာပူးဟာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Express

နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာလည်း လီဗာပူးက သွင်းဂိုး ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားကာ လီဗာပူးနည်းပြ ကလော့ပ် အပါအဝင် လီဗာပူး ကစားသမားတွေ အားလုံးက ဖိအားတွေအောက် ရောက်နေပါတယ်။

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် ဂျပန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မီတိုမာက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး မီတိုမာက ဘရိုက်တန် အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Express

မီတိုမာက ပြိုင်ဘက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို ဘောလုံးအရည်အသွေးပါ ပြည့်ဝတာကြောင့် ဘရိုက်တန်အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပြီး စပါးနည်းပြဟောင်း တင်ရှားဝုဒ်က မီတိုမာဟာ လီဗာပူးအတွက် သင့်တော်တဲ့ ကစားသမားလို့ ယူဆနေပါတယ်။

တင်ရှားဝုဒ်က – “မီတိုမာက ကစားသမားကောင်း တယောက် ဖြစ်ဖို့ လိုအပ်တဲ့ အရည်အသွေး အားလုံးကို ပိုင်ဆိုင်ထားတဲ့သူပါ။ ခင်ဗျားတို့က သူ့ကို ကြည့်လိုက်ရင် သူဟာ လူကောင်း တယောက် ဖြစ်တယ် ဆိုတာကိုလည်း တွေ့ကြပါလိမ့်မယ်။ သူ့ရဲ့ ပွဲတွင်းစိတ်ထားက အတော်လေးကို ကောင်းပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးလိဂ်မှာ ကစားရင်း သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး ထုတ်ပြထားနိုင်ပါတယ်။ လီဗာပူးက သူ့ကို ခေါ်သင့်သလား ဆိုရင်တော့ လာမယ့်ရာသီမှာ သေချာပေါက် ခေါ်သင့်တယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး မီတိုမာကို ခေါ်ယူဖို့ လီဗာပူးအား တိုက်တွန်း အကြံပေးသွားခဲ့တာပါ။