ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ တယ်ရီ ရှရင်ဂမ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် ဖြစ်သူ ရိုင်ကိန်းနဲ့ တူတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Metro

ကတ်စ်မဲရိုးက ချန်ပီယံလိဂ်နဲ့ လာလီဂါတို့ရဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ ယူရိုပါလိဂ်ဝင်ခွင့်ပဲ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတာကြောင့် ကနဦးမှာ ဘောလုံးရေးရာ သုံးသပ်သူတွေ အပါအဝင် ဘောလုံးပရိသတ် အများစုက ကတ်စ်မဲရိုးဟာ ငွေမက်လို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တာလို့ ဝေဖန်ခဲ့ကြပေမယ့် ကတ်စ်မဲရိုးကတော့ ပွဲတိုင်းမှာ သူ့ရဲ့ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားရင်း ဝေဖန်သံတွေကို တိတ်စေခဲ့ပါတယ်။

ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၃၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရှရင်ဂမ်က ကတ်စ်မဲရိုးကို ရိုင်ကိန်းနဲ့ ခိုင်းနှိုင်းကာ ချီးကျူးခဲ့တာ ဖြစ်ပြီး ရှရင်ဂမ်က ကတ်စ်မဲရိုးဟာ ရိုင်ကိန်းလိုပဲ ကစားပုံ ရိုးရှင်းပေမယ့် အသင်းဖော်တွေရဲ့ ခြေစွမ်းတွေ ပိုမို တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောပြလာပါတယ်။

ရှရင်ဂမ်က – “ကျွန်တော် ပြောချင်တာကတော့ ကတ်စ်မဲရိုးဟာ ရိုင်ကိန်းနဲ့ တူတယ် ဆိုတာပါပဲ။ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ၈နှစ်လုံးလုံးမှာ ကတ်စ်မဲရိုးလို ကစားတတ်တဲ့ လူတယောက်ကို လိုအပ်ခဲ့တာပါ။ ကတ်စ်မဲရိုးက ပွဲတပွဲကို အနိုင်လိုချင်စိတ် ရှိသလို ပွဲရဲ့ အခြေအနေကိုလည်း ကောင်းကောင်း ဖတ်နိုင်တဲ့ ကွင်းလယ်ဗိုလ်ချုပ်ပါ။ ပြီးတော့ သူက အသင်းဖဖော်တွေဆီ ကနေ ခြေစွမ်းကောင်းတွေ ထွက်လာအောင်လည်း ကူညီပေးနိုင်ပါတယ်” လို့ တခုတ်တရ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။