ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာစော်ဘွား ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကိုသာ ဝယ်ယူခွင့် ရခဲ့မယ် ဆိုရင် လာမယ့် နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ဆောင်ဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ်ရှန် ဖော့ခ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နာမည်ကြီး ကာတာစော်ဘွားမိသားစု ဖြစ်တဲ့ အယ်သနီ မိသားစုရဲ့ ဆက်ခံသူ တဦး ဖြစ်သူ ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပြီး ရှိတ်ဂျာဆန်ဟာ ဂလေဇာမိသားစုရဲ့ လက်ထဲကနေ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် စိတ်ဆန္ဒ ပြင်းပြနေသူပါ။

Photo Credit: Goal

လက်ရှိမှာတော့ ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် ဗြိတိန်ရဲ့ အချမ်းသာဆုံးသူဌေး ဖြစ်သူ ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်နေရပြီး ရှိတ်ဂျာဆန်နဲ့ ရက်ကလစ်ဖ်တို့ နှစ်ဦးစလုံးက မန်ချက်စတာ ယူနိုက်တက် အတွက် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် ဂလေဇာမိသားစုကတော့ သူတို့နှစ်ဦးစလုံးရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံသေးပါဘူး။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာပဲ အပြီးသတ် ဝယ်ယူဖို့ ဆုံးဖြတ်ထားသလို မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးနောက် ချက်ချင်းပဲ ကြယ်ပွင့် ကစားသမားတွေကို ငွေပုံပေးကာ ခေါ်ယူဖို့ ပြင်ဆင်ထားပြီး ရှိတ်ဂျာဆန်ဟာ ပြင်သစ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အမ်ဘာပေနဲ့ ကိုးမန်းတို့ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်ရှိတော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ လာမယ့် နွေဈေးကွက် အတွင်းမှာ အမ်ဘာပေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့သာ ကမ်းလှမ်းခဲ့မယ် ဆိုရင် ခေါ်ယူနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အတွက် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပြီး အမ်ဘာပေဟာ မန်ချက်စတာ ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အလားအလာတွေ ပိုမို များပြားနေပါတယ်။