ကာတာရဲ့ နာမည်ကြီး ကုမ္ပဏီအုပ်စု တစု ဖြစ်တဲ့ Nine Two Foundationရဲ့ ဥက္ကဌ ဖြစ်သူ ရှိတ်ဂျာဆန်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု အဖြစ် ဒေါ်လာ ၇ဘီလီယံနဲ့ ကမ်းလှမ်းလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ကာတာတော်ဝင်မိသားစုရဲ့ သားတဦး ဖြစ်သူ ရှိတ်ဂျာဆန်က ဒေါ်လာ ဘီလီယံပေါင်း များစွာ ကြွယ်ဝချမ်းသာသူ ဖြစ်ပြီး သူဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ်လို့ တရားဝင် ကြေညာခဲ့ချိန်မှာပဲ ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် စတင် ကြိုးစားခဲ့ပါတယ်။

ရှိတ်ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ရေး အတွက် ဗြိတိန်ရဲ့ အချမ်းသာဆုံး သန်းကြွယ်သူဌေး ဖြစ်သူ ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်နေရပြီး ဂလေဇာမိသားစုကတော့ မန်ချက်စတာ ယူနိုက်တက်ကို သူတို့နှစ်ဦးထဲက တဦးဆီ ရောင်းချဖို့ အတွက် ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး အာရပ်သတင်းဌာန တခု ဖြစ်တဲ့ Arabic Business သတင်းဌာနရဲ့ ဖော်ပြချက်အရ ရှိတ်ဂျာဆန်က ယနေ့မနက် အစောပိုင်းမှာပဲ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု အဖြစ် ဒေါ်လာ ၇ဘီလီယံနဲ့ ကမ်းလှမ်းလိုက်ပြီး ဂလေဇာမိသားစုကသာ သူ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ရင် ရှိတ်ဂျာဆန်က ၂လ အတွင်း သူ ပေးရမယ့် ငွေကြေးအကုန်လုံးကို ပေးချေရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ရှိတ်ဂျာဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် တန်ကြေးမြင့် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပါတယ်။