ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်တဲ့ အလန်ရှီးယားက သူ့ရဲ့ အသင်းဟောင်း နယူးကာဆယ်ဟာ ဂိုးသမားနေရာ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ဟောင်း ဒေးဗစ် ဒီဂီယာကို ခေါ်ယူသင့်ကြောင်း ထောက်ပြ အကြံပေးသွားခဲ့ပါတယ်။

နယူးကာဆယ်က ဂိုးသမားနေရာမှာ နစ်ပုတ် ၊ ဒူဗရက်ကာ ၊ ကားရီးယပ်စ် စတဲ့ ဂိုးသမား ၃ဦးကို ပိုင်ဆိုင်ထားပေမယ့် နစ်ပုတ် တဦးထဲသာ ထိပ်တန်းအဆင့် လက်စွမ်းကို ပိုင်ဆိုင်ထားပြီး ဒူဗရက်ကာနဲ့ ကားရီးယပ်စ်တို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေကြပါတယ်။

Photo Credit: Football 365

ဂိုးသမားနေရာမှာ နစ်ပုတ် တဦးထဲကို အားထားနေရချိန်မှာ နစ်ပုတ်က ဒီဇင်ဘာလ ၃ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဒဏ်ရာရသွားတာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ နယူးကာဆယ် နည်းပြချုပ် အက်ဒီဟောင်းက ဒုတိယ ဂိုးသမား ဒူဗရက်ကာကိုသာ ပွဲထွက် ဂိုးသမား အဖြစ် အသုံးပြုခဲ့ရပါတယ်။

ဒူဗရက်ကာ တယောက် နယူးကာဆယ်ရဲ့ ဂိုးပေါက်ကို တာဝန်ယူချိန်မှာပဲ နယူးကာဆယ်က တောက်လျှောက် ရလဒ်တွေ ဆိုးခဲ့ပြီး အဆိုပါ ၇ပွဲမှာ ၁ပွဲထဲသာ နိုင်ခဲ့ကာ ၆ပွဲ အထိ ရှုံးနိမ့်ခဲ့သလို ပေးဂိုးကလည်း ၁၄ဂိုး အထိ ရှိခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ ဂန္တဝင် ကစားသမား အလန်ရှီးယားက နယူးကာဆယ်ဟာ ဂိုးသမားနေရာ အတွက် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ လိုအပ်နေပြီလို့ ထောက်ပြသွားခဲ့ပြီး အလန်ရှီးယားက ဒေးဗစ် ဒီဂီယာကို နယူးကာဆယ်ရဲ့ ဂိုးပေါက်မှာ မြင်တွေ့ချင်နေပါတယ်။

အလန်ရှီးယားက – “ကျွန်တော်က နယူးကာဆယ်ဟာ လာမယ့် ဆောင်းဈေးကွက်မှာ ဂိုးသမားသစ် တဦးနဲ့ တိုက်စစ်မှူးသစ် တဦးကို ဦးစားပေး ခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးကောင်း တယောက်ကို ဈေးပေါပေါနဲ့ ခေါ်နိုင်ဖို့ ဆိုတာ ကံကောင်းဖို့ လိုပါလိမ့်မယ်။ ဂိုးသမားနေရာ အတွက် ကျွန်တော်က ဒီဂီယာကို သဘောကျပါတယ်။ နယူးကာဆယ်က ဂိုးသမား တယောက် လိုနေသလို ဒီဂီယာကလည်း အဆင်သင့် ရှိနေပါတယ်။ ဒီဂီယာရဲ့ လုပ်ခလစာက များမယ် ဆိုတာ မှန်ပေမယ့် နယူးကာဆယ်က ဒီဂီယာ အတွက် ပြောင်းရွှေ့ကြေး သုံးစရာ မလိုဘူးလေ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။