ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အလန် ရှီးယားက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုဗ်လ်အသင်း တိုက်စစ်မှူး မာသီးယပ်စ် ကူညာကို ခေါ်ယူပြီး နောက်ထပ် ကစားသမားသစ် (၆)ယောက် (၇)ယောက်လောက် ထပ်မံ ခေါ်ယူခြင်း မရှိဘူးဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ ထောက်ပြ ပြောကြားလိုက်ပါတယ်။

ပေါင်(၆၂.၅)သန်း တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ပြီး မကြာသေးမီက ပရီးမီးယားလိဂ် ပြိုင်ဘက်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဝုဗ်လ်တိုက်စစ်မှူး မာသီးယပ်စ် ကူညာကို ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက်(၂၅)နှစ်အရွယ် ကူညာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ဝုဗ်လ်အသင်းနဲ့ (၄)နှစ်ခွဲ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ယူနိုက်တက်ရဲ့ နွေရာသီ ပစ်မှတ်ကစားသမား စာရင်းထဲမှာတော့ ပါဝင်နေပါတယ်။

Photo Credit : Football365

ယူနိုက်တက်အသင်းဟာ နည်းပြရူဘင် အမော်ရင်ရဲ့ လူစာရင်းကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ဒီရာသီ အငှားချထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ အန်တိုနီနဲ့ တဲရဲလ် မာလာစီယားတို့ကို ရောင်းချဖို့ စီစဉ်နေပါတယ်။ ဒါကပဲ ရှီးယားက ကူညာ အောင်မြင်ဖို့အတွက် ယူနိုက်တက် လိုအပ်တယ်လို့ ခံစားရတဲ့အချက် ဖြစ်ပါတယ်။

“သူတစ်ယောက်တည်းကတော့ ယူနိုက်တက်အတွက် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ဒါ့အပြင် နောက်ထပ် ကစားသမားသစ် (၆)ယောက် (၇)ယောက်လောက် ထပ်ခေါ်ဖို့ လိုပါလိမ့်မယ်။ သူ့ကို ခေါ်ယူဖြစ်ရင်တော့ အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော် နားလည်ပါတယ်။ ကူညာဟာ အသင်းအတွက် အကောင်းဆုံးထပ်ဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။”

Photo Credit : The Mirror

“သူ့အတွက် ဘယ်လောက်ပေးရမလဲ မသိပေမယ့် သိသာတဲ့ ပမာဏဖြစ်မယ်လို့ ထင်ပါတယ်။ သူ့မှာ အရည်အချင်းရှိလားဆိုတော့ အမှန်ပါပဲ။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိပါတယ်။ သူက နည်းနည်းပုံမမှန်တဲ့ ကစားသမားလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားအများစုမှာ ထူးခြားတဲ့စရိုက်နဲ့ လူအချို့ မကြိုက်နိုင်တဲ့ အပိုင်းတွေ ရှိတတ်ပါတယ်။” လို့ ရှီးယားက သုံးသပ်သွားခဲ့ပါတယ်။

အမော်ရင်ရဲ့ နည်းစနစ်မှာ နံပါတ်(၁၀) နေရာတွေထဲက တစ်နေရာမှာ ကစားရဖွယ်ရှိတဲ့ ကူညာအပြင် အထောင် တိုက်စစ်မှူးတစ်ဦးကိုပါ ယူနိုက်တက်က ပစ်မှတ်ထားနေပါတယ်။ အသက်(၂၂)နှစ်အရွယ် လီယမ် ဒီလက်ပ်ကိုလည်း စဉ်းစားနေပြီး အစ်ဆွစ်ချ်သာ တန်းဆင်းသွားခဲ့ရင် ပေါင်(၃၀)သန်းနဲ့ ရနိုင်မယ်လို့ မျှော်လင့်ရတဲ့ ဒီလက်ပ်ကို ရှီးယားကလည်း အထူး နှစ်သက်နေပါတယ်။