မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုပ်ပျက်ဆင်းပျက် ရုန်းကန်နေရပေမဲ့ ယူရိုပါလိဂ်ဖလားရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ အခွင့်အရေးက မှန်ကန်တဲ့ ကိစ္စမဟုတ်ဘူးလို့ မီကာ ရစ်ချတ်စ်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။ အာဆင် ဝင်းဂါးကလည်း ဒီစည်းမျဉ်းကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“The Rest is Football” podcastအစီအစဉ်မှာ အာဆင်နယ် နည်းပြဟောင်း အာဆင် ဝင်းဂါးရဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့် မပေးသင့်ဘူးဆိုတဲ့အဆိုနဲ့ ပတ်သက်ပြီး ဂယ်ရီ လိုင်နီကာ၊ အလန် ရှီးယားနဲ့ မီကာ ရစ်ချတ်စ်တို့ (၃)ဦးသား ဆွေးနွေးငြင်းခုံခဲ့ကြရာမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

Photo Credit : Football365

စပါးအသင်းသားဟောင်း လိုင်နီကာက ဒီစည်းမျဉ်းဟာ ကြာပြီဖြစ်တဲ့အတွက် ခုခံပြောဆိုခဲ့ပေမဲ့ ရစ်ချတ်စ်နဲ့ ရှီးယားရားတို့ကတော့ လက်ရှိ ပရီးမီးယားလိဂ်ဇယားအဆင့်(၁၆)နဲ့ (၁၇)နေရာတွေမှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းဟာ လာမယ့်ရာသီမှာ ဥရောပရဲ့ အထင်ကရ အသင်းကြီးများ ပါဝင်တဲ့ ပြိုင်ပွဲမှာ ကစားရတော့မယ့်အချက်ကို အံ့သြ တုန်လှုပ်နေကြပါတယ်။

ယူနိုက်တက်ရော စပါးပါ နောက်ဆုံး ပရီးမီးယားလိဂ် (၅)ပွဲဆက် နိုင်ပွဲပျောက်နေကြပေမဲ့ လာမယ့်အပတ် ဘီလ်ဘာအိုမြို့မှာ ယူရိုပါလိဂ်ဖိုင်နယ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ယူနိုက်တက်သာ အနိုင်ရခဲ့ရင် သူတို့ရဲ့နွေရာသီအပြောင်းအရွှေ့စီမံကိန်းတွေအတွက် အကောင်းအများကြီး ဖြစ်စေမှာဖြစ်ပေမဲ့ စပါးကတော့ ပွဲရလဒ် ဘာပဲဖြစ်ဖြစ် နည်းပြ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့တောင် ရှိနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Photo Credit : Metro

ရစ်ချတ်စ်က “စပါးလ်နဲ့ မန်ယူနိုက်တက်တို့က လိဂ်မှာ ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်နေလို့သာ ဒီအချက်က ထင်ပေါ်လာတာပါ။” လို့ ပြောကြားခဲ့ပါတယ်။ လိုင်နီကာကလည်း “ဒီစည်းမျဉ်းကို မကြာသေးမီကမှ ထည့်ထားတာမျိုး မဟုတ်ပါဘူး။ နှစ်အတော်ကြာပြီ ဒီအတိုင်းပါပဲ။” လို့ ပြန်ပြောပါတယ်။ ဒါပေမဲ့ ရစ်ချတ်စ်ကတော့ “လိဂ်မှာ အရမ်းဆိုးနေပေမဲ့ ဖလားတစ်လုံးရလိုက်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကိုတော့ ကျွန်တော် သဘောမကျပါဘူး။ ချန်ပီယံလိဂ်ဆိုတာ တစ်ရာသီလုံး ခြေမှန်အောင် ကစားတဲ့ အသင်းတွေအတွက် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းဆိုတာ စည်းမျဉ်းပါပဲ။ အခုအချိန်ကြီး ဒါကို ထိုင်ငြင်းနေသင့်ပြီလို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုဖြစ်လာတာ ကြာပြီဆိုတော့ လက်ခံလိုက်ရုံပါပဲ။” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ရှီးယားကလည်း သုံးသပ်ချက်ပေးရာမှာ “ဒီနှစ်ပြိုင်ပွဲက မတူပါဘူး။ ချန်ပီယံလိဂ်ကနေ ထွက်လာတဲ့အသင်းတွေက များသောအားဖြင့် ယူရိုပါလိဂ်ထဲ ရောက်လာတာဆိုတော့ ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အဆင့်အတန်းက အရင်ကလောက် မမြင့်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ် အဆင့်(၁၆)(၁၇)နေရာမှာရှိတဲ့အသင်းတွေက ချန်ပီယံလိဂ်ကို ရောက်တော့မှာပါ။ စဉ်းစားကြည့်ရင် တကယ်ကို မယုံနိုင်စရာပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အောက်ဆုံးကနေ ရေတွက်ရင် အဆင့်(၄)(၅)နေရာက မန်ယူနိုက်တက်နဲ့ စပါးက ချန်ပီယံလိဂ်မှာ ကစားရမယ်ဆိုတာ တကယ်ကို ‘ဝိုး’ ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။