ဆီဗီလာအသင်း နည်းပြ ဟိုဆေးလူးဝစ်မန်ဒီလီဘာက မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း ယူနိုက်တက်ဘက်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ရပ်တန့်ပစ်နိုင်ဖို့အတွက် အစီအစဉ် ဆွဲထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : talkSPORT
မန်ယူနိုက်တက် နဲ့ ဆီဗီလာအသင်းတို့ဟာ အိုးထရက်ဖို့ဒ်မှာ ပကျော့ပွဲကို ယှဉ်ပြိုင်ကစားထားခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ ယူနိုက်တက်က ဆာဘစ်ဇာရဲ့ ဂိုးတွေနဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှ ဆီဗီလာက ယူနိုက်တက်ရဲ့ own goals တွေ နဲ့ (၂)ဂိုးကို ပြန်ချေပနိုင်ရင်း သရေကျသွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အဝါထိသွားလို့ အခု ဒုကျော့ပွဲကို လွဲရတော့မှာ ဖြစ်သလို နောက်ခံလူ မာတီနက်ဇ် နဲ့ ဗာရန်းတို့ ခံစစ်အတွဲအဖက်ကလည်း အဲ့ဒီပွဲမှာပဲ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့လို့ ဒီညပွဲကို သေချာပေါက် လွဲချော်ရပါတော့မယ်။
Photo Credit : Football Espana
ဒီလို အခြေအနေဆိုးတွေ ကြားထဲကမှ အဓိက ကစားသမားတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်က ဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီ ဖြစ်တဲ့အပြင် တခြားသော ဒဏ်ရာရ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဆာဘစ်ဇာ လုခ်ရှောနဲ့ မာလာစီယာတို့လည်း ရပ်ရှ်ဖို့ဒ်နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာက အသင်းအတွက်တော့ သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီကစားသမား (၄)ဦးလုံး စပိန်နိုင်ငံ ဆီဗီးလ်မြို့ကို ထွက်ခွာသွားတဲ့ အသင်းရဲ့ လူစာရင်းထဲမှာလည်း ပါဝင်သွားခဲ့ပါတယ်။
Photo Credit : Manchester Evening News
ရပ်ရှ်ဖို့ဒ်က ဒီရာသီ ယူရိုပါလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်နေသလို ပြီးခဲ့တဲ့ ဘာစီလိုနာ ဘက်တစ်တို့လို စပိန်ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရာမှာလည်း ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး မန်ဒီလီဘာက “ရပ်ရှ်ဖို့ဒ်က ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦး ဖြစ်နေပေမယ့် အဲ့ဒီအချက်နဲ့ပဲ ကျွန်တော်တို့ရဲ့ စိတ်ကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ အသင်းအကြောင်းကိုပဲ တွေးတောနေရမယ်။ ပြိုင်ဘက်ကိုလည်း လေးစားရပါမယ်။ ပွဲထွက်လာနိုင်တဲ့ ကစားသမားစာရင်းကို သိနေတဲ့အခါ ကျွန်တော်တို့ ကစားသမားတွေအတွက် ပြိုင်ဘက်အသင်းက players တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာလည်း ဒဏ်ရာရ ကစားသမားတွေနဲ့ ပွဲပန်းနေတဲ့ ကစားသမားတွေ မျုားပြားနေပါတယ်” လို့ ပြောဆိုထားခဲ့ပါတယ်။