ဥရောပ နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ဆီဗီးလား ၊ လိုင်ယွန်နဲ့ ဖရိုင်းဘက်တို့က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဟန်နီဘယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ် တူနီးရှား လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် ဟန်နီဘယ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့အတူ ကစားခွင့် ရနေပါတယ်။

Photo Credit: Goal

ဟန်နီဘယ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ အထိ ပါဝင် ကစားခွင့် ရထားသလို သူက ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁ဂိုးပါ သွင်းယူထားနိုင်ပါတယ်။

ဟန်နီဘယ်က ယူနိုက်တက် အတွက် ကစားခွင့် ရနေပေမယ့် ပုံမှန် ကစားခွင့် ရဖို့ မလွယ်ကူသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ သူ့ကို ပုံမှန် ကစားခွင့် ရမယ့် အသင်းဆီ အငှားချဖို့ စဉ်းစားနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပိန်နာမည်ကြီးကလပ် ဆီဗီးလား ၊ ပြင်သစ်နာမည်ကြီးကလပ် လိုင်ယွန်နဲ့ ဘွန်ဒက်လီဂါကလပ် ဖရိုင်းဘက်တို့က ဟန်နီဘယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပြီး ဟန်နီဘယ်ကလည်း အသင်းသစ် တသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် အာဖရိကဖလားပြိုင်ပွဲကိုတောင် ဝင်မကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ဟန်နီဘယ်ကို စာချုပ်သစ် ချုပ်ဆိုပြီးမှ အငှားချဖို့ ဆုံးဖြတ်ထားပြီး ဟန်နီဘယ်ကလည်း မန်ချက်စတာ ယူနိုက်တက်မှာသာ ကာလရှည် ကစားချင်တာကြောင့် မကြာခင်မှာပဲ ယူနိုက်တက်နဲ့ ဟန်နီဘယ်တို့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိနိုင်ပါတယ်။