စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ အရောင်းစာရင်း တင်ထားတဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်က ၂၀၂၀ခုနှစ်ကမှ ပေါ်တိုကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်းမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Caught Offside

တဲလက်စ်က ဘရာဇီးလ်သား တဦးပီပီ တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပေမယ့် ကြံ့ခိုင်မှု အားနည်းချက်နဲ့ ခံစစ်စွမ်းဆောင်ရည် ညံ့ဖျင်းမှုတို့ဟာ သူ့ရဲ့ အားနည်းချက်တွေ ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က အဲ့ဒီ အားနည်းချက်တွေကြောင့်ပဲ တဲလက်စ်ကို ရောင်းထုတ်ချင်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ နယ်သာလန် ဘယ်နောက်ခံလူ မာစီယာကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူထားတာကြောင့် အားနည်းချက်တွေ ရှိနေတဲ့ တဲလက်စ်ကို ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တဲလက်စ် အတွက် ဝယ်ဈေးဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင် ပြန်လည် လိုချင်နေပါတယ်။

Photo Credit: Caught Offside

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားက တဲလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း ၃သင်းထဲက တသင်း ဖြစ်ပြီး ဆီဗီးလားဟာ မကြာခင်မှာပဲ တဲလက်စ်အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

တဲလက်စ်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း အတွက် ရွေးချယ်ခံချင်တာကြောင့် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကာ တခြားအသင်းတွေထက် ဆီဗီးလားလို ဥရောပဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။