ဆီဗီလာအသင်းရဲ့ နည်းပြသစ် ဒီယေဂို အလွန်ဆိုက သူတို့အသင်းအနေနဲ့ ဒီနေ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၃)အဖြစ် ရင်ဆိုင်သွားရမယ့် အာဆင်နယ်အသင်းကို အခက်တွေ့အောင် ကစားသွားမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် နဲ့ ဆီဗီလာအသင်းတို့ဟာ လန်းစ် PSV အသင်းတို့နဲ့အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တစ်အုပ်စုတည်း ကျရောက်နေကြပြီး လက်ရှိမှာတော့ ပွဲစဉ် (၂)ပွဲ ကစားထားပြီးချိန် လန်းစ်က (၄)မှတ် အာဆင်နယ်က (၃)မှတ် ဆီဗီလာက (၂)မှတ်နဲ့ PSV က (၁)မှတ်တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။
Photo Credit : The Sun
ဒီအချိန်မှာတော့ ပွဲစဉ်(၃)အဖြစ် ဆီဗီလာက အိမ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံ ကစားသွားရမှာဖြစ်ပြီး ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါလျက် ရှိနေပါတယ်။ ဆီဗီလာက ဒီရာသီမှာ စပိန် လာလီဂါမှာရော ချန်ပီယံလိဂ်မှာ ရုန်းကန်နေရပြီး ရလဒ်တွေလည်း ကောင်းမွန်ခြင်း မရှိပေမယ့်လည်း နည်းပြသစ် ဒီယေဂို အလွန်ဆိုရဲ့ တာထွက်မှာတော့ ရီးယဲလ်ကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။
ဥရုဂွေး လက်ရွေးစင် နည်းပြဟောင်း အလွန်ဆိုဟာ ဆီဗီလာအသင်းကို အောက်တိုဘာ (၁၀)ရက်နေ့ကမှ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံးပွဲမှာ ရီးယဲလ်ကို သရေကျအောင် ကစားနိုင်ခဲ့တာကြောင့် ယုံကြည်မှု ရှိနေကာ အာဆင်နယ်ကိုလည်း အခက်တွေ့အောင် ကစားသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Photo Credit : Ahram Online
“ကျွန်တော်တို့က အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ ထိပ်တန်း နည်းပြတစ်ဦး ပိုင်ဆိုင်ထားတဲ့ အသင်းကို ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က အကောင်းဆုံး တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီးတော့ သူတို့အသင်းကိုလည်း အခက်တွေ့အောင် ကစားသွားမှာပါ။” လို့ အလွန်ဆိုက ကြုံးဝါးသွားခဲ့ပါတယ်။
အာဆင်နယ်က ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ PSV ကို ခြေပြတ် ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားခဲ့ပေမယ့်လည်း လန်းစ်ကို အဝေးကွင်းမှာ ရှံးထားခဲ့ရတာကြောင့် အခု ဆီဗီလာကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း အာဆင်နယ်တို့ အနည်းငယ် ရုန်းကန်ရနိုင်ဖွယ် ရှိနေပါတယ်။