လီဗာပူးလ်နည်းပြချုပ် အာနေး စလော့က ခရစ္စတယ် ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ သူ့အသင်းအနေနဲ့ အလွတ်တည်ကန်ဘောတွေကို ကာကွယ်ရာမှာ ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းရဲ့ ရာသီအစ နိုင်ပွဲဆက်နေတဲ့စံချိန်ဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
ပဲလေ့စ်အသင်းဟာ ပွဲရဲ့ ပထမပိုင်းကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အဖွင့်ဂိုးကိုလည်း ထောင့်ကန်ဘောကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ပရမ်းပတာအခြေအနေကနေ အစ္စမိုင်လာ ဆားက ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒုတိယပိုင်းမှာ ခြေစွမ်းပြန်လည်တိုးတက်လာခဲ့ပြီး ပွဲပြီးခါနီး (၈၇)မိနစ်မှာ ဖက်ဒရီကို ခီယေဆာက ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် သရေတစ်မှတ် ရယူနိုင်တော့မယ်လို့ ထင်ခဲ့ရပါတယ်။
Photo Credit : FotMob
ဒါပေမဲ့ ပွဲပြီးဖို့ နောက်ဆုံးစက္ကန့်ပိုင်းအလိုမှာပဲ ပဲလေ့စ်အသင်းက နောက်ထပ် အလွတ်တည်ကန်ဘောတစ်ကြိမ်ကနေတစ်ဆင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း အက်ဒီ အန်ကီးတီးယားက အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒါဟာ ပဲလေ့စ်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ နောက်အကျဆုံး သွင်းယူခဲ့တဲ့ ဂိုးလည်းဖြစ်လာခဲ့ပါတယ်။
နည်းပြ စလော့က “ခင်ဗျားသာ ပြိုင်ဆိုင်ချင်တယ်ဆိုရင် အလွတ်တည်ကန်ဘောတွေမှာ အကောင်းမြင်တဲ့ ဟန်ချက်ညီမှုတစ်ခု လိုအပ်တယ်။ အထူးသဖြင့် ဒီလိဂ်မှာပေါ့။ ဒါက ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အားသာချက်တွေထဲက တစ်ခုပါ။ အခုတော့ ကျွန်တော်တို့ နယူးကာဆယ်နဲ့ပွဲမှာ (၂)ဂိုးပေးခဲ့ရပြီး ဒီမှာလည်း (၂)ဂိုး ထပ်ပေးလိုက်ရပြန်ပြီ။ ဒီလိဂ်က အလွတ်တည်ကန်ဘောတွေအပေါ် ပိုပိုပြီး မူတည်လာနေပါပြီ”
Photo Credit : beIN SPORTS
“ပထမပိုင်းက အရမ်းခက်ခဲခဲ့ပါတယ်။ သူတို့က တကယ်ကောင်းကောင်းကစားခဲ့ပြီး ၁-၀ နဲ့ ဦးဆောင်ဖို့ ထိုက်တန်ခဲ့တယ်။ ၁-၀ ပဲ ဖြစ်ခဲ့တာ ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောရမယ်။” လို့ သူက ဝန်ခံခဲ့ပါတယ်။ တစ်ဖက်မှာတော့ ပဲလေ့စ်နည်းပြ အိုလီဗာ ဂလပ်စ်နာက သူ့အသင်းရဲ့ အံ့မခန်းရာသီအဖွင့်ကို ဆက်ထိန်းနိုင်ခဲ့တဲ့အပေါ် အကြီးအကျယ် ပျော်ရွှင်နေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယားအဆင့် (၂)နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လက်ရှိ အက်ဖ်အေဖလားချန်ပီယံ ပဲလေ့စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။ ဂလပ်စ်နာက “အနိုင်ရခြင်းက အမြဲတမ်းကောင်းမွန်တဲ့ရလဒ်ပါ။ ဒါပေမဲ့ ချန်ပီယံအသင်းကို အနိုင်ရတာကတော့ ပိုတောင်ကောင်းပါသေးတယ်။ ဒါတွေက ကျွန်တော်တို့ ဘောလုံးကို ဘာလို့ချစ်လဲဆိုတဲ့ အခိုက်အတန့်တွေပါပဲ။ ပရိသတ်တွေအတွက်တော့ အရမ်းကောင်းတဲ့ စနေနေ့ညနေခင်းတစ်ခု ဖြစ်သွားမှာပါ။” လို့ ပျော်ရွှင်စွာ ပြောကြားသွားခဲ့ပါတယ်။