ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်စီကာအိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ်အစား သူတို့ကသာ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့သင့်တာလို့ မချိတင်ကဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကွန်စီကာအို ဦးဆောင်နေတဲ့ ပေါ်တိုက ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ပေါ်တူဂီမြေမှာ အာဆင်နယ်ကို ဧည့်ခံ ကစားခဲ့စဉ်က တောင်ပံတိုက်စစ် ကစားသမား ဂါလီနိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ဒုတိယအကျော့မှာ အာဆင်နယ်ကို သရေခံကစားနိုင်ရုံနဲ့ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့မှာပါ။

Photo Credit: Sky Sports

ဒါပေမယ့် အင်္ဂလန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပေါ်တိုက အိမ်ရှင် အာဆင်နယ်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပဲ တပွဲလုံးနီးပါး ခံစစ်ကိုသာ အားပြု ကစားခဲ့ရပြီး အိမ်ရှင် အာဆင်နယ်က ထရော့ဆက်ရဲ့ တလုံးထဲသောသွင်းဂိုးနဲ့ ပေါ်တိုကို ပြန်အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့ ပွဲအပြီးမှာ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေခဲ့ပါတယ်။

နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေတာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်သင်းစလုံးက သွင်းဂိုးတွေ ထပ်မံ မသွင်းယူနိုင်ခဲ့တာကြောင့်ပဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီမှာတော့ အာဆင်နယ်ရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အိုဒီဂတ် ၊ ကိုင် ဟားဗက်ဇ် ၊ ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ အားလုံး ပင်နယ်တီ ဝင်အောင် ကန်နိုင်ခဲ့ကြသလို အာဆင်နယ် ဂိုးသမား ရာယာက ပေါ်တို ကစားသမားတွေ ဖြစ်ကြတဲ့ ဝမ်ဒယ်နဲ့ ဂါလီနိုတို့ရဲ့ ကန်ချက်တွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ပင်နယ်တီ အဆုံးအဖြတ်ကို အနိုင်ရခဲ့ပါတယ်။

 

 

Photo Credit: Standard

ပင်နယ်တီ အဆုံးအဖြတ်ကြောင့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရပြီးနောက် ပေါ်တိုနည်းပြ ကွန်စီကာအိုက အာဆင်နယ်အစား သူတို့အသင်းကသာ ကွာတားဖိုင်နယ်ဆီ ရောက်ခဲ့သင့်သလို အာဆင်နယ်နည်းပြ အာတီတာက သူ့ရဲ့ မိသားစုကို စော်ကားတဲ့ အသုံးအနှုန်းတွေ သုံးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကွန်စီကာအိုက – “ရလဒ်က မမျှတပါဘူး။ ကျွန်တော်တို့အသင်းကသာ နောက်တဆင့်ဆီ တက်ဖို့ ထိုက်တန်တဲ့ အသင်းပါ။ အာတီတာက စပိန်ဘာသာစကားကို သုံးပြီး ကျွန်တော့်ရဲ့ မိသားစုတွေကို စော်ကားခဲ့ပါတယ်။ သူ စော်ကားမော်ကား ပြောခဲ့တဲ့ မိသားစုဝင်က အခုဆိုရင် ဒီလောကထဲမှာတောင် မရှိတော့ပါဘူး။ သူက တခြားသူရဲ့ မိသားစုကို စော်ကားမယ့်အစား သူ့အသင်းကို သေသေချာချာ လေ့ကျင့်ပေးဖို့ပဲ အာရုံစိုက်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။