အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဘူးစကွက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ် နက်ဆာ ၆-၀ အင်တာ မိုင်ယာမီ ပွဲစဉ်မှာ အယ် နက်ဆာရဲ့ ညာနောက်ခံလူ ဘူရှေးလ်ကို အနောက်ကနေ ဝင်ထိုးသလို ပြုမူမိခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။

ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာနဲ့ မက်ဆီ ဦးဆောင်လာတဲ့ အင်တာ မိုင်ယာမီတို့က ဖိတ်ခေါ်ဖလားပွဲ အဖြစ် ဆော်ဒီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ရိုနယ်ဒိုက ဒဏ်ရာပြဿနာကြောင့် ဒီပွဲကို လွဲခဲ့သလို မက်ဆီကလည်း ဒဏ်ရာပြဿနာကြောင့် ပွဲပြီးခါနီးမှသာ လူစားဝင် ကစာသမား အဖြစ် ဝင်ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ဘူးစကွက်က ဆွာရက်ဇ် ၊ အယ်လ်ဘာ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အင်တာ မိုင်ယာမီကို ဦးဆောင်လာခဲ့သလို တဖက်မှာလည်း အယ် နက်ဆာက တယ်လစ္စကာ ၊ အိုတာဗီယို ၊ ဘရိုဇိုဗစ် ၊ လာပေါ့တ် ၊ တဲလက်စ် ၊ အော့စ်ပီနာ စတဲ့ အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အင်တာ မိုင်ယာမီကို ဧည့်ခံ ကစားခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပေမယ့် အိမ်ရှင် အယ် နက်ဆာက ဧည့်သည် အင်တာ မိုင်ယာမီထက် ခြေစွမ်းပိုင်းရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို သာလွန်ခဲ့ပြီး အယ် နက်ဆာက ပထမပိုင်းမှာ ၃ဂိုး ၊ ဒုတိယပိုင်းမှာ ၃ဂိုး သွင်းယူကာ အင်တာ မိုင်ယာမီကို ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

Photo Credit: Goal

အင်တာ မိုင်ယာမီက အယ် နက်ဆာကို ခြေပြတ် ဂိုးပြတ် ရှုံးခဲ့သလို ပွဲချိန် မိနစ် ၄၀ကျော်မှာ အင်တာ မိုင်ယာမီရဲ့ ကစားသမားတွေနဲ့ အယ် နက်ဆာရဲ့ ကစားသမားတွေ အချင်းများချိန်မှာလည်း ဘူးစကွက်က အယ် နက်ဆာရဲ့ ညာနောက်ခံလူ ဘူရှေးလ်ကို အနောက်ကနေ ဝင်ထိုးသလို ပြုမူမိခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဘောလုံးပရိသတ်တွေက ဘူးစကွက်ဟာ ဘူရှေးလ်ကို ဒေါသတကြီးနဲ့ ထိုးခဲ့တာလို့ ယုံကြည်နေကြပြီး ကွင်းလယ်ဒိုင်က ဘူးစကွက်ကို အဝါကတ်သာ ပြသခဲ့တဲ့ အပေါ် မကျေမချမ်း ဖြစ်နေကြသလို ဘူးစကွက်ကို “ရှုံးမဲမဲတဲ့ကောင်” ၊ “ပရော်ဖက်ရှင်နယ်မဆန်တဲ့ကောင်” ၊ “အနိုင်ကျင့်တဲ့ကောင်” စတဲ့ အသုံးအနှုန်းတွေ သုံးကာ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်နေကြပါတယ်။