ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဆီနီဂေါတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၆-၁ ဝါဒါဘရီမင် ပွဲစဉ်မှာ ညို့သကျည်းဒဏ်ရာ ရရှိသွားကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါ ပွဲစဉ်(၁၄) အဖြစ် ဝါဒါဘရီမင်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီရဲ့ ဟက်ထရစ် ၊ မူဆီအာလာ ၊ ဂေါ်ရက်ဇ်ကာနဲ့ မာသီတဲလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့တာ ဖြစ်ပြီး ဝါဒါဘရီမင် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ တောင်ပံကစားသမား ဂျန်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင်လို ကစားရခက်တဲ့ အသင်းမျိုးကို ၅ဂိုးပြတ် နိုင်ခဲ့တာကြောင့် ဘိုင်ယန် ကစားသမားတွေ အတွက် ပျော်ရွှင်စရာ ညတည ဖြစ်ခဲ့သင့်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးဟာ အသင်းအတွက် ပင်နယ်တီ ယူပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်မှာ ညို့သကျည်းဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

မာနေးက ပင်နယ်တီဧရိယာ အတွင်း ဝင်ကာ ဂိုးသွင်းယူဖို့ ကြိုးစားရင်း ပြိုင်ဘက် ခံစစ်မှူးတွေရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး အဆိုပါ ဖျက်ထုတ်မှုကြောင့် မာနေးဟာ ၅မိနစ် ဝန်းကျင် ဆေးကုသမှု ခံယူခဲ့ရသလို ပွဲကို ဆက်မကစားနိုင်တော့တာကြောင့် အသင်းဖော် ဆာနေးနဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit: Sky Sports

ပွဲပြီးဆုံးချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းက မာနေးဟာ ညို့သကျည်းဒဏ်ရာ ရသွားတာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့သလို မာနေးရဲ့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်ပုံ ရတာကြောင့် X-rayစက်နဲ့ပါ ညို့သကျည်းရဲ့ အခြေအနေကို စစ်ဆေးရမယ်လို့ ဆိုလာပါတယ်။

နစ်ဂယ်စမန်းက – “မာနေးက ညို့သကျည်းမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို X-rayစက်နဲ့ သေချာလေး စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ သူ့ရဲ့ ညို့သကျည်းမှာ ပြင်းထန်ဒဏ်ရာ ရသွားတာမျိုး ရှိ ၊ မရှိ သေချာအောင် လုပ်ဖို့ပါ။ ညို့သကျည်းက ကစားသမား တယောက် အတွက် အန္တရာယ် ရှိတဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မာနေး တယောက် ညို့သကျည်းမှာ ဒဏ်ရာမရသွားဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အတိအကျ မပြောနိုင်သေးပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။