နည်းပြ ဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ထားခဲ့တဲ့ အဲဗာတန်အသင်းဟာ လစ်လပ်နေတဲ့ အသင်းနည်းပြနေရာအတွက် ဘန်လေအသင်းမှာ အချိန်အတန်ကြာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြကြီး ရှောင်ဒိုက်ကို အစားထိုး ခန့်အပ်သွားဖို့ နီးစပ်နေပြီလို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Sean Dyche set to be appointed new Everton manager

Photo Credit : 90Min

အဲဗာတန်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်းတွေ အတော်လေး ဆိုးရွားလို့နေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ဆောက်သမ်တန်အသင်းနဲ့အတူ ရပ်တည်လို့နေရပါတယ်။ ဒီအခြေအနေတွေကြောင့် အသင်းနည်းပြ လမ်းပတ်ကို ရာထူးက ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လာခဲ့ရာ လိဒ်စ်နည်းပြဟောင်းကြီး ဘီယဲလ်ဆာကို လိုချင်ခဲ့ပေမယ့် အာဂျင်တီးနားသားကြီးကတော့ အဲဗာတန်ကို ကိုင်တွယ်ဖို့ ဆန္ဒ သိပ်မရှိတာကြောင့် နောက်ထပ် ပရီးမီးယားလိဂ် နည်းပြဟောင်းကြီး ရှောင်ဒိုက်ကို အာရုံပြောင်းလာခဲ့ပါတယ်။

Photo Credit : Liverpool Echo

အသက်(၅၁)နှစ်အရွယ်ရှိ ဘန်လေအသင်းကို ၂၀၁၂ခုနှစ်ကနေ စတင်ပြီး ၂၀၂၂ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုအတွင်း ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီးတစ်ဦးဖြစ်ကာ ဘန်လေကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထိ ဆွဲတင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၂ခုနှစ် ဧပြီလမှာတော့ ဘန်လေရဲ့ ရလဒ်ဆိုးတွေကြောင့် ဘန်လေကနေ ထုတ်ပယ်ခံထားရတဲ့ ရှောင်ဒိုက်ဟာ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတာမို့ အဲဗာတန်ဘက်က သူ့ကို ပစ်မှတ်ထားလာခဲ့သလို ရှောင်ဒိုက်ကိုယ်တိုင်ကလည်း နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့အတွက် အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားချင်နေပါတယ်။ လတ်တလော Sky Sports ရဲ့ ဖော်ပြချက်မှာတော့ အဲဗာတန်နဲ့ ရှောင်ဒိုက်တို့ကြား ဆွေးနွေးမှုတွေက အခြေအနေကောင်းလို့နေပြီး ရှောင်ဒိုက်လို ပရီးမီးယားလိဂ် အတွေ့အကြုံအပြင် တန်းဆင်းဇုန်ထဲက အသင်းတစ်သင်းရဲ့ အခြေအနေနဲ့ အသားကျပြီးသား နည်းပြမျိုးဟာ အခုအချိန်မှာ အဲဗာတန်အတွက် ပိုမို လိုအပ်မှာ အသေအချာပဲ ဖြစ်ပါတယ်။