ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်းဟာ မကြာခင်မှာ လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါလ်စခိုးလ်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ယူနိုက်တက်က စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီး ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိစေမယ့် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ပွဲချိန် ၈မိနစ်မှာပဲ အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ယူနိုက်တက်ဘက်ကို တသင်းလုံးနီးပါး တက်ကာ တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဖိုဒန်ရဲ့ အံ့မခန်း ခြေစွမ်းတွေနဲ့အတူ စီးတီးက ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့ကာ စီးတီးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၆မိနစ်နဲ့ ၈၀မိနစ်တွေမှာ ဖိုဒန်နဲ့ ပွဲချိန် ၉၁မိနစ်မှာ ဟာလန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Manchester Evening News

မန်ချက်စတာ စီးတီး ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်က ယူနိုက်တက်ရဲ့ ခံစစ် အားပြုလွန်းတဲ့ ကစားဟန်ကို ဝေဖန်မှုတွေ လုပ်ခဲ့သလို ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် ဆက်လက် ရှိနေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောလာခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ကျွန်တော်ကတော့ INEOSဟာ နည်းပြရာထူး အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တရပ်ကို ချမှတ်ပြီးပြီလို့ ထင်ပါတယ်။ တန်ဟက်ဂ်က လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ရှိနေနိုင်မယ်လို့ မထင်ပါဘူး။ INEOSဟာ အခုချိန်ကတည်းက နည်းပြသစ်ကို ရှာနေမယ် ဆိုရင်တောင် ကျွန်တော်က အံ့ဩမိမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။