မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကွင်းလယ်ကစားသမားကြီး ပေါလ် စခိုးလ်စ်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ကစားစေသင့်တဲ့ နေရာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “သူက အသင်းမှာ အဖန်တီးနိုင်ဆုံး ကစားသမားပါ။ သူ နံပါတ် ၁၀ နေရာမှာ ကစားသင့်တယ်ဆိုတာကို သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ သူ့ကို ကွဲပြားတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ခိုင်းနေပါတယ်။” လို့ စခိုးလ်စ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။
စခိုးလ်စ်က ကွင်းလယ်ကစားသမားတစ်ဦးရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီနေရာနှစ်ခုလုံးမှာ ကစားခဲ့ဖူးပါတယ်။ နံပါတ် (၁၀)ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျား နောက်ဆုံးမှ စဉ်းစားချင်တဲ့အရာက ခံစစ်ပါ။ ဒါပေမဲ့ ကွင်းလယ်မှာ နှစ်ယောက်တန်း ပြန်ဆင်းကစားရပြီဆိုတာနဲ့ ခင်ဗျား ခံစစ်ကို စဉ်းစားလာရပြီ၊ ကိုယ့်လူက ဘာလုပ်နေလဲဆိုတာကို လိုက်ကြည့်နေရပြီ။ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ စိတ်နေစိတ်ထားပါ” လို့ သူက ဆိုပါတယ်။
Photo Credit : The Mirror
“ဘရူနိုကို ကွင်းလယ်အောက်ဆင်းပြီး ကစားခိုင်းတာက သူ့ရဲ့ တိုက်စစ်ပိုင်းမှာရှိတဲ့ အရေးအကြီးဆုံး အရည်အသွေးတချို့ကို လျော့ကျသွားစေပါတယ်” လို့ စခိုးလ်စ်က သုံးသပ်ခဲ့ပါတယ်။ အသက် (၅၀)အရွယ် စခိုးလ်စ်က သူ့ရဲ့ကစားသမားဘဝကို ပြန်လည်သုံးသပ်ရာမှာ လူတွေထင်သလို သူဟာ ကွင်းလယ်အောက်ဆင်းကစားတဲ့ ကစားကွက်ဖန်တီးသူ (Deep-lying playmaker) တစ်ယောက်အဖြစ် သူ့ကိုယ်သူ မမြင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော် အသင်းထဲကို ပထမဆုံးရောက်လာတုန်းက ဗဟိုတိုက်စစ်မှူးတစ်ယောက်ပ။ါ” လို့ သူက ဆိုပါတယ်။ “နောက်ပိုင်းမှာ နည်းပြကြီး ဖာဂူဆန်က ကျွန်တော့်ကို ကွင်းလယ်လူဖြစ်လာလိမ့်မယ်လို့ အမြဲပြောခဲ့ပေမယ့် နံပါတ် (၁၀)နေရာမှာ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်လောက် ကစားခဲ့ရပြီး အဲ့ဒီနေရာကို ကျွန်တော် အရမ်းနှစ်သက်ခဲ့ပါတယ်။ ခံစစ်ကစားရတာကို ကျွန်တော်မကြိုက်ဘူး။ နံပါတ် (၁၀)နေရာက ခံစစ်ကို စဉ်းစားစရာမလိုဘူး။ ကိုယ်စဉ်းစားရမှာက အသင်းကို ကစားကွက်ဖော်ပေးဖို့ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ဂိုးတွေသွင်းဖို့ပဲ။” လို့ သူက ရှင်းပြခဲ့ပါတယ်။
Photo Credit : Sky Sports
စခိုးလ်စ်က သူ့ရဲ့ကျယ်ပြန့်တဲ့ အင်တာဗျူးအတွင်းမှာ အခြားကစားသမားတွေနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့အမြင်တွေကို မျှဝေခဲ့ပါတယ်။ အိုဝင် vs ရွန်နီ (ဆယ်ကျော်သက်အရွယ်): “အဲ့ဒီအသက်အရွယ်မှာ မိုက်ကယ် (အိုဝင်) က ပိုကောင်းတဲ့ ဂိုးသွင်းသမားဖြစ်ပြီး ဝိန်း (ရွန်နီ) က ပိုကောင်းတဲ့ ဘောလုံးသမားဖြစ်ပါတယ်။” အကြိုက်ဆုံး တိုက်စစ်အတွဲအဖက်: “ကျွန်တော်ကစားခဲ့သမျှထဲမှာ ရုဒ် ဗန် နစ္စတယ်ရွိုင်းနဲ့ တွဲကစားရတာကို အကြိုက်ဆုံးပါပဲ။ သူဘာလိုချင်လဲဆိုတာကို ကျွန်တော်သိနေတယ်လို့ ခံစားရတယ်။” ဘင်ဂျမင် ဆက်ရှ်ကို: “သူက ဟွိုင်းလန်းလို ကစားသမားမျိုးနေရာမှာ အစားဝင်လာတဲ့ အသက် ၂၂ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ အသားကျဖို့က ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ။” ဂိုးသမား: “ကျွန်တော်သာဆိုရင် အီမီလီယာနို မာတီနက်ဇ်လို အတွေ့အကြုံပိုရှိတဲ့ ဂိုးသမားမျိုးကို ရွေးချယ်ခဲ့မှာပါ။”
လက်ရှိမန်ယူနည်းပြ ရူဘင် အာမိုရင်နဲ့ ပတ်သက်ပြီး စခိုးလ်စ်က “သူ့အပေါ် ယုံကြည်မှုအပြည့်ရှိတာထက် မျှော်လင့်ချက်ပိုထားတယ်” လို့ ဆိုပါတယ်။ “သူ စကားပြောတဲ့ပုံစံကို ကျွန်တော်ကြိုက်တယ်။ ဒါပေမဲ့ သူ့အပေါ် အကြီးအကျယ်ယုံကြည်မှုထားနိုင်ဖို့အတွက် ရလဒ်တွေကတော့ တကယ်တမ်း မရှိသေးပါဘူး” လို့ သူက သုံးသပ်ခဲ့ပါတယ်။