ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်မယ် မထင်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

နယ်သာလန်နည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး ပထမအကျော့ အပြီးမှာ ၁ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အုပ်စု တတိယနေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က အုပ်စုအဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့သလို ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာမှာလည်း ကိုပင်ဟေဂင်ကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပေမယ့် ဂါလာတာစာရေးကိုတော့ ရှုံးနိမ့်ထားပါတယ်။

လက်ရှိမှာ ဘိုင်ယန်မြူးနစ်က ရမှတ် ၉မှတ် ၊ ဂါလာတာစာရေးက ရမှတ် ၄မှတ် ၊ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၃မှတ်နဲ့ ကိုပင်ဟေဂင်က ရမှတ် ၁မှတ် အသီးသီး ရရှိထားပြီး မန်ချက်စတာ ယူနိုက်တက်က အုပ်စုအဆင့်ကို လွန်မြောက်ချင်ရင် လက်ကျန် ၃ပွဲမှာ အနည်းဆုံး ရမှတ် ၆မှတ် စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က လက်ကျန် အုပ်စုပွဲ ၃ပွဲအနက် ဂါလာတာစာရေးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပြီး ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကတော့ ယူနိုက်တက်ရဲ့ ဒီရာသီ ခြေစွမ်းနဲ့ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ဖို့ဟာ မဖြစ်နိုင်တော့ဘူးလို့ ဆိုလာပါတယ်။

ပေါလ်စခိုးလ်က – “ကျွန်တော်သာ အလောင်းအစား လုပ်ရမယ် ဆိုရင် ယူနိုက်တက်က အုပ်စုကို မကျော်နိုင်ဘူး ဆိုတဲ့ ဘက်မှာပဲ နေပါမယ်။ ယူနိုက်တက်က အဝေးကွင်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြဖို့ ရုန်းကန်ရတယ် ဆိုတာကို ပြီးခဲ့တဲ့နှစ်မှာ သက်သေပြပြီးပါပြီ။ ဆီဗီးလားနဲ့ အဝေးကွင်းပွဲကိုပဲ ကြည့်လိုက်ပါ။ ယူနိုက်တက်က အဝေးကွင်း ရောက်ရင် ပြာတတ်သလို ဖိအားတွေကိုလည်း မရင်ဆိုင်နိုင်ပါဘူး။ ကိုပင်ဟေဂင်က အသင်းကောင်း တသင်း မဟုတ်ပေမယ့် စုစည်းမှု ရှိတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်က ကိုပင်ဟေဂင်နဲ့ပွဲမှာ ယူနိုက်တက် အတွက် စိုးရိမ်မိပါတယ်။ တကယ်လို့ ယူနိုက်တက်ကသာ ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ နိုင်ခဲ့ရင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက်လေး ရလာမယ်လို့ပဲ သုံးသပ်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။