ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ် စခိုးလ်က ယခုနှစ်ရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဖိုဒန်ဟာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖရန့် လမ်းပတ်ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖိုဒန်က မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ် ၊ တောင်ပံတိုက်စစ် ၊ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိပါတယ်။

 

Photo Credit: Sky Sports

ဖိုဒန်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားပေးနေတဲ့ ကစားသမား ဖြစ်ပြီး သူက ဒီရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ရရှိထားပါတယ်။

ဖိုဒန်က တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း စီးတီးအတွက် အရေးပါတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကတော့ စီးတီးရဲ့ အနိုင်ဂိုးကို ထုဆစ် ပုံဖော်ပေးခဲ့တဲ့ ဖိုဒန်ဟာ ချယ်လ်ဆီးဂန္တဝင် လမ်းပတ်ထက်တောင် ပိုကောင်းနေပြီလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Tribuna

ပေါလ်စခိုးလ်က – “တိုက်စစ်မှူး တယောက်ဆီ ကနေ သွင်းဂိုးတွေ ရတာ မဆန်းပါဘူး။ ဟာလန်းကလည်း အိုဝင်လိုမျိုးပဲ အသင်းကသာ ကစားပုံကောင်းကောင်းနဲ့ ကစားပေးနေရင် သွင်းဂိုးတွေ သွင်းယူပေးနိုင်စွမ်း ရှိသူပါ။ ဒါပေမယ့် ကွင်းလယ်လူ တယောက်က “ဟုတ်ပြီ။ ငါက ငါ့ရဲ့အသင်းကို ရလဒ်ကောင်း ရအောင် ထမ်းတင်ပေးမယ်။ ငါက ငါ့အသင်းအတွက် လိဂ်ဖလား ယူပေးမယ်။ ငါက ငါ့အသင်းအတွက် နိုင်ပွဲတွေ  ယူပေးမယ်” အဲ့ဒီလိုမျိုး ပြောပြီး ပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်စွမ်း ရှိနေတာက ထူးခြားတဲ့ အရည်အသွေးလို့ သတ်မှတ်ရပါမယ်။ ဖရန့်(လမ်းပတ်)က အဲ့ဒီလို ကစားသမားမျိုး ဖြစ်ခဲ့ပါတယ်။ အခု ဖိုဒန်ကလည်း ဖရန့်လိုပဲ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်းကို ကူညီပေးနေပါတယ်။ ဖိုဒန်က ဖရန့်ထက် အများကြီး ပိုကောင်းတဲ့ ဘောလုံးသမားပါ။ ဒါပေမယ့် ဖရန့်မှာလည်း သူ့ရဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဖရန့်က ပွဲကြီးတွေမှာ ဆိုရင် ပိုပြီး ခြေစွမ်းပြ ကစားတတ်သလို သူ့အသင်းကို ကွင်းလယ်ကနေ အကောင်းဆုံး ထိန်းကျောင်းပြီး ဆုဖလားတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခု ဖိုဒန်ကလည်း ဖရန့်လိုပဲ ပွဲကြီးတွေမှာ ခြေစွမ်းပြနေပါပြီ” လို့ ပြောကြားကာ ဖိုဒန်ကို အထူးတလည် ချီးကျူးသွားခဲ့တာပါ။