မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ပေါလ်စခိုးက ဝက်စ်ဟမ်း နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့တဲ့ ကစားသမားက ကိုဘီ မိုင်နူးသာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ လူငယ် ကွင်းလယ်ကစားသမားလေး မိုင်နူးက သူရဲ့အမှားတစ်ခုကြောင့် ဒုတိယမြောက် ပေးဂိုး ဖြစ်စေခဲ့ရပေမယ့်လည်း တစ်ပွဲလုံး အတိုင်းအတာအရ လက်ခံလို့ရတဲ့ အတိုင်းအတာအထိ ကစားသွားနိုင်ခဲ့တယ်။

Photo Credit : United in Focus

အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ အင်္ဂလန် ကစားသမားလေး မိုင်နူးဟာ ဒီရာသီမှ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၆)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုလည်း ဝက်စ်ဟမ်းနဲ့ ပွဲစဉ်ထဲ အမှားကြီးတစ်ခု လုပ်ဆောင်မိခဲ့တဲ့ မိုင်နူးနဲ့ ပတ်သက်ပြီး စခိုးက “ကိုဘီ မိုင်နူးက သူ ဒီပွဲမှာ အမှားတစ်ခု လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်လို့ ကျွန်တော် ထင်မိပါတယ်။”

Photo Credit : Eurosport

“သူက ဘောလုံးကို ထိန်းချုပ်ကစားနိုင်နေတာက သူ့အသက်အရွယ်နဲ့ မလိုက်လောက်အောင်ပါပဲ။ ဒါကြောင့် ဒီကစားသမားလေးက အရမ်းကြီးကောင်းအောင် မကစားနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ခံလို့ရအောင် အဆင်ပြေပြေ ကစားသွားခဲ့တယ်လို့ ကျွန်တော် ထင်မြင်မိတယ်။” လို့ ကောက်ချက်ချသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ မိုင်နူးနဲ့အတူ နောက်ထပ် ယူနိုက်တက် အကယ်ဒမီထွက် လူငယ် နောက်ခံကစားသမားလေး ကမ်ဘွာလာလည်း ပွဲထွက် ကစားခွင့် ရရှိလာခဲ့ပြီး ဝါရင့် နောက်ခံလူ ဂျွန်နီ အီဗန်စ်နဲ့ တွဲဖက် ကစားသွားခဲ့ရပါတယ်။