ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ရိုနယ်ဒိုလို ဖြစ်လာနိုင်တဲ့ လူငယ်ကြယ်ပွင့် တဦးကို ပိုင်ဆိုင်ထားပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ သမိုင်းမှာ ကမ္ဘာ့အဆင့် ကစားသမား များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါ ကမ္ဘာ့အဆင့် ကစားသမားတွေ အနက် ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုဟာ အကောင်းဆုံး ကစားသမားပါပဲ။

Photo Credit: CNN

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ထင်ပေါ်လာသူ တဦး ဖြစ်ပြီး ရိုနယ်ဒိုက ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲဝင်သူပါ။

ဘောလုံးသမိုင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ဝင်နေတဲ့ ရိုနယ်ဒိုရဲ့ ခြေရာကို နင်းနိုင်မယ့် ကစားသမား တဦး ထွက်ပေါ်လာဖို့ဟာ အတော်လေးကို ခက်ခဲပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုဟာ ရိုနယ်ဒိုလက်သစ် ဖြစ်ကြောင်း ယုံကြည်နေပါတယ်။

Photo Credit: Standard

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက ဘယ်တောင်ပံနဲ့ တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဂါနာချိုဟာ ပြိုင်ဘက်တွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို ပြိုင်ဘက်တွေကို အကြောက်အလန့် မရှိပဲ ကစားတတ်ကာ ဂါနာချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၁၃၀၆မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပေါလ်စခိုးလ်က ဂါနာချိုကို ရိုနယ်ဒိုလက်သစ်လို့ တင်စားကာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပေါလ်စခိုးလ်က – “ဂါနာချိုက အရမ်းကို သတ္တိရှိတဲ့ ကစားသမားလေးပါ။ သူက ရိုနယ်ဒို ငယ်ငယ်တုန်းကနဲ့ တပုံစံထဲပါပဲ။ ဂါနာချိုက ပြိုင်ဘက်တွေရဲ့ ဖျက်ထုတ်မှုတွေကို မကြောက်ဘူး။ လဲကျသွားရင်လည်း ပြန်ထလာတယ်။ ပြီးတော့ ပွဲကို အာရုံစူးစိုက်မှု အပြည့်နဲ့ ဆက်ကစားတယ်။ ဂိုးတွေလည်း သွင်းပါတယ်။ ဒါကြောင့် ကျွန်တော်က ဂါနာချိုကို အရမ်း သဘောကျပါတယ်” ဆိုပြီး ဂါနာချိုကို ရိုနယ်ဒိုနဲ့ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့တာပါ။