မနေ့ညက ရီးယဲလ် ဆိုစီဒက်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့ရာ ပွဲက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပေမယ့် ပထမပိုင်း ပွဲချိန်အတွင်း ယူနိုက်တက် စောစောစီးစီး ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပြီး ဒါကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။

ပထမပိုင်း ပွဲချိန် (၁၈)မိနစ်အတွင်း မာဇာရာဝီရဲ့ အကွက်မြင်လွန်းတဲ့ ဘောလုံးပေးပို့မှုကနေ ဒါလော့က ဘောလုံးရခဲ့ပြီး ပြိုင်ဘက် ဂိုးဧရိယာထဲ ရှိနေတဲ့ ဟွိုင်လန်းဆီ ဘောလုံးထိုးပေးလို့ ရနိုင်တဲ့ အနေအထားမှာ အလျင်အမြန် ပေးပို့ခဲ့ခြင်း မရှိခဲ့ရာကနေ ဂိုးရနိုင်လောက်တဲ့ အခြေအနေတစ်ခုနဲ့ လွဲချော်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို အခွင့်အရေးကောင်းတစ်ခု လွဲချော်ခဲ့ပြီးနောက် ဟွိုင်လန်းက ဒါလော့အပေါ် သူရဲ့ စိတ်ပျက်မှုကို ပြသခဲ့ပြီး နှစ်ဦးသားကြား စကားများခဲ့ကြပါသေးတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး TNT Sports မှာ pundit လုပ်ဆောင်နေတဲ့ ပေါလ် စခိုးက “ယူနိုက်တက်အတွက် ဒီပွဲဟာ အဆင်ပြေခဲ့တယ်။ လွယ်ကူတဲ့ ပထမပိုင်းတစ်ခုပါ။ သူတို့ ဦးဆောင်နိုင်သင့်တယ်။ ဒါလော့က ဟွိုင်လန်းကို ဖြတ်ပေးသင့်တယ်။”

“သူတို့မှာ အန္တရာယ်ရှိတဲ့ ကစားသမားတွေ ရှိပေမယ့် ခြိမ်းခြောက်မှု မဖြစ်ခဲ့ဘူး။ စိတ်ပျက်စရာက ကျွန်တော်တို့ သူတို့ ဒီလို လေ့ကျင့်ထားတာကို ကြည့်ခဲ့ရတယ်။ ဒါလော့က ဒါကို မမြင်တာဟာ ရာဇဝတ်မှုပါပဲ။ သူက ကောင်းတဲ့ ပြေးလမ်းတစ်ခု လုပ်ခဲ့တယ်။ မင်းက ညာနောက်တန်းသမား တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးမှာ ဘယ်ညာနောက်တန်းသမားမဆို ဒါကို မမြင်တာဟာ ရာဇဝတ်မှုပါပဲ။” လို့ ဝေဖန်လိုက်ပါတယ်။

Photo Credit : Stretty News

စခိုးရဲ့ သုံးသပ်မှုကို ကာရန် ကာနေးကပါ “သူ့(ဟွိုင်လန်း)မှာ စိတ်ပျက်ခွင့် ရှိတယ်။ ဒါလော့လို နောက်ခံအစွန်လူက ဒီလို နေရာရတဲ့အခါ ဘောလုံးကို ပေးရမယ်။ ဒါဟာ လွယ်လွယ်ကူကူ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးပါ။ ဒါကို သူ မပေးခဲ့လို့ အခွင့်အရေး လွဲချော်ခဲ့ရတယ်။ ဒါလော့ ဝေဖန်ဖို့ သူ့မှာ အခွင့်အရေး အပြည့်ရှိတယ်။ သူ ဝေဖန်ခံရတာ အများကြီး ရှိခဲ့တယ်။” လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် ကစားသမားဟောင်းကြီး စခိုးက အသင်းမှာ ဂိုးမသွင်းနိုင်တာ(၁၈)ပွဲအထိတောင် ရှိလာနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဟွိုင်လန်းကိုပါ ဝေဖန်သွားခဲ့ပြီး အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ဟွိုင်လန်းထက် လူငယ် တိုက်စစ်ကစားသမားလေး ချီဒို အိုဘီကိုသာ ပိုမို အသုံးပြုသွားသင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။