ဆီဗီလာအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ဆာအူးလ်က ဘာစီလိုနာအသင်းက စပိန် ဆယ်ကျော်သက် တောင်ပံကစားသမားလေး လာမင်း ယာမားလ်ကို ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်နေခြင်းများအား လျှော့ချသွားဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ အသက်(၁၇)နှစ်သာ ရှိနေသေးတဲ့ ညာတောင်ပံကစားသမားလေး ယာမားလ်ဟာ ဘာစီလိုနာရဲ့ အထင်ကရ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အသက်(၁၅)နှစ်လေးနဲ့ ဘာစီလိုနာ စီနီယာအသင်းအတွက် ကစားခွင့် ရလာခဲ့သလို လက်ရှိမှာလည်း ဘာစီလိုနာရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်နေခဲ့ပါတယ်။
Photo Credit : Barca Blaugranes
ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းအတွက်ပါ ကိုယ်စားပြု ကစားခဲ့ရပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါ ယူရိုချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ ယာမားလ်ဟာ Golden Boy နဲ့ Kopa Trophy တို့လို နာမည်ကျော် လူငယ်အကောင်းဆုံး ကစားသမားဆုတွေကိုပါ ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့်လည်း ဘောလုံးပရိသတ်တွေက ယာမားလ်ကို လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ မက်ဆီနဲ့ပါ ခိုင်းနှိုင်းတာတွေ နှိုင်းယှဉ်တာတွေ လုပ်လာကြတဲ့အပေါ် ဆာအူးလ်က “လာမင်း ယာမားလ်ကို အောင်မြင်စေချင်တယ်ဆိုရင် နှိုင်းယှဉ်ပြောဆိုမှုတွေကို နည်းနည်းလေး မဟုတ်ဘဲ အများကြီး လျှော့ချဖို့ လိုအပ်ပါတယ်။”
Photo Credit : Goal
“သူ ကောင်းကောင်း လုပ်နိုင်ဖို့ဆိုရင် နှိုင်းယှဉ်မှုတွေကို အများကြီး လျှော့ချဖို့လိုတယ်။ ပထမဆုံးအနေနဲ့ မက်ဆီဟာ တစ်ဦးတည်းသော ထူးခြားတဲ့သူပါ။ သူ့ကို နီးစပ်အောင် လိုက်နိုင်မယ့်သူ ဘယ်သူ့မှ ရှိလာမယ်လို့ မထင်ပါဘူး။ ခရစ္စတီယာနိုကလည်း တစ်ဦးတည်းသော ထူးခြားတဲ့သူပါ။ သူတို့က (၁၀)နှစ် (၁၅)နှစ် နှစ်(၂၀)လောက် ကမ္ဘာ့အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ခဲ့တဲ့ ကစားသမားတွေပါ။”
“ယူရိုပြိုင်ပွဲကတည်းက လာမင်း ယာမားလ်ဟာ အံ့ဖွယ်ကောင်းအောင် ကစားနေပေမယ့် နှိုင်းယှဉ်မှုတွေကတော့ မကောင်းဘူး။ စပိန် ပရိသတ်တွေအနေနဲ့ ဒီလူငယ်လေးကို ကာကွယ်ပေးဖို့ လိုတယ်။ သူ့ကို ကစားခွင့်ပေးပါ။ သူ့အတွက် အရာရာ ကောင်းမွန်စေဖို့ လမ်းဖွင့်ပေးပါ။” လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ ဆာအူးလ်နဲ့ ယာမားလ်တို့ဟာ ဒီကနေ့မှာပဲ ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။