ဆော်ဒီဘောလုံးအဖွဲ့ချုပ်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူး အတွက် စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဟိုဆေး မော်ရင်ဟိုကို ခေါ်ယူချင်နေကာ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ မော်ရင်ဟိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဆော်ဒီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့သလို ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားကိုပါ အံ့အားသင့်ဖွယ် အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးစင်မြင့်မှာ အနည်းငယ် နာမည်ရလာခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီကို ဦးဆောင်ခဲ့တဲ့ ပြင်သစ်လူမျိုးနည်းပြ ရီနက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဆော်ဒီကို စွန့်ခွာကာ ပြင်သစ် အမျိုးသမီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က အသင်းကို ဦးဆောင်ပေးနိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ရှာဖွေနေပြီး ဆော်ဒီရဲ့ တာဝန်ရှိသူတွေက ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်တဲ့ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ကော်ရီယာ ဒယ်လိုရဲ့ ဖော်ပြချက်အရ ဆော်ဒီရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ မော်ရင်ဟိုကို ဆော်ဒီရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ချင်ကြောင်း အသိပေးခဲ့ပြီး ဆော်ဒီဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုကို တနှစ် လုပ်ခလစာ ပေါင် ၁၀၀သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Planet Sports

လက်ရှိ ကမ္ဘာ့လုပ်ခလစာ အမြင့်ဆုံးနည်းပြက အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီ ဖြစ်ပြီး ဆီမြွန်နီဟာ တနှစ် လုပ်ခလစာ ပေါင် ၃၀သန်း ဝန်းကျင် အထိ ရရှိနေကာ မော်ရင်ဟိုကတော့ ရိုးမားမှာ ပေါင် ၈သန်းကျော်သာ ရရှိနေပါတယ်။

ဒါကြောင့် မော်ရင်ဟိုက ဆော်ဒီရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံလိုက်ရင် ရိုးမားမှာ ၁၂နှစ်ကြာ နေမှ ရမယ့် လုပ်ခလစာကို ၁နှစ်ထဲနဲ့ ရရှိမှာ ဖြစ်သလို ကမ္ဘာ့ဘောလုံးသမိုင်းတလျှောက် လုပ်ခလစာ အမြင့်ဆုံးနည်းပြ အဖြစ်ပါ မှတ်တမ်းဝင်သွားမှာပါ။