ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းများဟာ အင်တာ မိုင်ယာမီအသင်းနဲ့ ဘောလုံးရာသီ ကုန်ဆုံးတော့မယ့် လီယွန်နယ် မက်ဆီကို သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့အပြိုင် အငှားကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းသွားဖို့ ချိန်ရွယ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

မက်ဆီရဲ့ လက်ရှိကလပ် အင်တာ မိုင်ယာမီဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း ရလဒ်တွေ တောက်လျှောက် ဆိုးရွှားနေတာကြောင့် မေဂျာလိဂ် ရာသီမကုန်ဆုံးခင်မှာပဲ ပလေးအော့ပွဲတွေကို ဆက်လက် ယှဉ်ပြိုင်ရတော့မှာ မဟုတ်လို့ ဒီလအတွင်းမှာပဲ ဘောလုံးရာသီ အဆုံးသတ်ပြီ ဖြစ်ပါတယ်။

Photo Credit : Clutch Points

မေဂျာလိဂ်ပြိုင်ပွဲရဲ့ ရာသီသစ်ကိုလည်း လာမယ့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှသာ ပြန်လည် စတင်မှာဖြစ်တာကြောင့် ဒီလို ရာသီသစ် မစတင်ခင်မှာပဲ မိုင်ယာမီရဲ့ စူပါစတား ကစားသမားကြီး မက်ဆီ ကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကလပ်အသင်းများစွာက ပြင်ဆင်လာခဲ့ပါတယ်။

ဒီလို ပြင်ဆင်လာတဲ့ အသင်းတွေထဲမှာ မက်ဆီရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာလည်း ပါဝင်လာခဲ့ပြီး နွေတုန်းက မခေါ်ယူနိုင်ခဲ့တဲ့ မက်ဆီ ကို ကာလတို အငှားနဲ့ အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Twitter

ဒါပေမယ့် ဘာစီလိုနာအသင်းနဲ့အပြိုင် ငွေကြေးသုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားတဲ့ ဆော်ဒီကလပ်အသင်းတွေကပါ မက်ဆီ ကို အငှားနဲ့ ခေါ်ယူပြီး ရော်နယ်လ်ဒို မက်ဆီတို့လို ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦး ပါဝင်ကစားနေတဲ့ လိဂ်တစ်ခုဖြစ်အောင် ဖန်တီးဖွယ်လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေတုန်းကလည်း ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းက မက်ဆီ ကို အရ ခေါ်ယူနိုင်ဖို့အတွက် ကမ္ဘာ့စံချိန်တင် လုပ်ခလစာတွေနဲ့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် မက်ဆီရဲ့ အသင်းဖော်ဟောင်း နေမာကိုသာ ခေါ်ယူခဲ့ရပါတယ်။