ဆော်ဒီစူပါလိဂ်ရဲ့ ကလပ်အသင်း တချို့က ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီမှာ ကစားနေတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို လာမယ့် ၂၀၂၄ခုနှစ်မှာ ခေါ်ယူနိုင်ဖို့ အတွက် ယခုကတည်းက ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Fox Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက မကြာသေးမီကမှ ကျင်းပ ပြီးစီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားသူ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်း နီးပါးမှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သူပါ။

Photo Credit: Standard

လီယွန်နယ် မက်ဆီက ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို အမေရိကန် မေဂျာလိဂ်ကလပ်တွေကလည်း မက်ဆီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး Fox Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ် တချို့ကပါ မက်ဆီအတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Standard

Fox Sports သတင်းဌာနက ဆော်ဒီ စူပါလိဂ်ကလပ် တချို့ဟာ အယ်နက်ဆာက ရိုနယ်ဒိုကို ခေါ်ယူခဲသလို ရိုနယ်ဒိုရဲ့ ပြိုင်ဘက် ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေက မက်ဆီကို တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်းကျော် အထိ ပေးချေဖို့ပါ ပြင်ဆင်နေကာ အကယ်၍ မက်ဆီကသာ ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့မယ် ဆိုရင် ရိုနယ်ဒိုကို ကျော်ကာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ဘောလုံးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာလိမ့်မယ်လို့ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ အခုချိန်အထိ မေဂျာလိဂ်ကလပ်တွေနဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိသေးပဲ ပီအက်စ်ဂျီနဲ့သာ စာချုပ်သစ် ချုပ်ဆိုရန် စဉ်းစားထားကြောင်း မက်ဆီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။