ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီး ကလပ်အသင်းတွေဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၇)သန်း ယူရို သန်း(၁၀၀)လောက်အထိပါ အသုံးပြုလာနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။
ဥရောပ အမှတ်ပေးလိဂ်တွေမှာ ကျင်လည်နေတဲ့ နာမည်ကြီး ကစားသမားတွေကို အများအပြား ခေါ်ယူထားတဲ့ ဆော်ဒီကလပ်တွေဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ နောက်ထပ် ထိပ်တန်း ကစားသမားတွေကို ဆက်လက် ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
Photo Credit : SPORTbible
ဥရောပ လိဂ်ပြိုင်ပွဲ အသီးသီးက ထိပ်သီး ကစားသမားတွေကို ခေါ်ယူပြီး သူတို့လိဂ်ကို အကောင်းဆုံးလိဂ်တစ်ခု ဖြစ်လာအောင် တည်ဆောက်နေတဲ့ ဆော်ဒီပရိုလိဂ်ဟာ မိုဆာလာ ဖာနန်ဒက်စ်တို့လို ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေကိုပါ အရ ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။
အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၁၀၀)လောက်အထိ အသုံးပြုသွားဖို့ပါ စီစဉ်ထားပြီး ဖာနန်ဒက်စ်ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ကက်စီမဲရိုး ဗာရန်းနဲ့ ဆန်ချိုတို့ကို ဆက်လက် ပစ်မှတ်ထားလျက် ရှိနေပါတယ်။
Photo Credit : The Sun
ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအပြင် အသင်းခေါင်းဆောင်ပါ ဖြစ်နေတဲ့အတွက် အသင်းကနေ လက်လွတ်လိုက်ဖို့ ဆန္ဒမရှိသလို ကစားသမားဖြစ်သူကလည်း ယူနိုက်တက်မှာသာ ဆက်လက် ရှိသွားချင်နေပါတယ်။
ဒါပေမယ့် ဆော်ဒီကလပ်တွေဘက်ကတော့ ကစားသမားရော အသင်းပါ ငြင်းဆန်ရ ခက်ခဲစေမယ့် ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာနိုင်တာကြောင့် ဖာနန်ဒက်စ်ကို ယူနိုက်တက် ကစားသမားအဖြစ်နဲ့ ဆက်မြင်ရမလား ဒါမှမဟုတ် ဆော်ဒီလိဂ်ကိုပဲ ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။