ဘောလုံး အရည်အသွေးမြင့်မားတဲ့ ဘရာဇီးလ် ကစားသမားကောင်းတွေ မွေးထုတ်ပေးနေတဲ့ ဘရာဇီးလ် ထိပ်တန်းကလပ်အသင်း ဆန်းတို့စ်ဟာ နှစ်ပေါင်း (၁၁၁)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဘရာဇီးလ် စီးရီးအေ အမှတ်ပေးပြိုင်ပွဲကနေ တန်းဆင်းသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်ရဲ့ အထင်ကရ ဘောလုံးသမားနှစ်ဦးဖြစ်သူ ပီလီ နဲ့ နေမာတို့ကို မွေးထုတ်ပေးထားခဲ့တဲ့ ဆန်းတို့စ်အသင်ဟာ ရော်ဘင်ဟို ဇီရောဘတ်တို ဒီယေဂို ဒွန်ဂါ အီလာနိုတို့လို ဘရာဇီးလ် ဘောလုံးသမားဟောင်းတွေကိုပါ မွေးထုတ်ထားနိုင်ခဲ့တဲ့ ကလပ်အသင်းလည်း ဖြစ်ပါတယ်။

Photo Credit : Santos FC X

ဆန်းတို့စ်အသင်းဟာ ဒေသတွင်းမှာ အောင်မြင်မှုများစွာ ရယူထားနိုင်တဲ့ ကလပ်အသင်း တစ်သင်းလည်း ဖြစ်တဲ့အပြင် ဘရာဇီးလ် အမှတ်ပေးလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲမှာပါ တစ်သင်း အပါအဝင် ဖြစ်လို့နေပါတယ်။

ဒါပေမယ့် အခုတော့ ဆန်းတို့စ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် တစ်ခါမှ မတွေ့ကြံဖူးသေးတဲ့ ကိစ္စရပ်ကြီးတစ်ခုနဲ့ ရင်ဆိုင် ကြုံတွေ့လိုက်ရပါတယ်။ ဘရာဇီးလ်လိဂ်က ကလပ်အသင်း (၄)သင်းထိ တန်းဆင်းစေတာဖြစ်ပြီး ဆန်းတို့စ်က အဆင့်(၁၇)နဲ့ ရာသီသိမ်းခဲ့ရတဲ့အတွက် စီးရီးဘီပြ်ိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit : Fabrizio Romano X

တစ်ချိန်က ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ အခုတော့ ဘရာဇီးလ် စီးရီးဘီမှာ ဘောလုံးရာသီသစ်ကို ဖြတ်သန်းသွားရတော့မှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် နောက်ပိုင်းကတည်းက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးလာခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ အခုဆိုရင်တော့ တန်းဆင်းရတဲ့အထိ အခြေအနေဆိုးသွားခဲ့ရလို့ စီးရီးဘီကနေ စီးရီးအေဆီ အမြန်ဆုံး တန်းတက်လာနိုင်ဖို့ကိုသာ ဦးစားပေး ကြိုးပမ်းသွားရပါတော့မယ်။