ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဖာနန်ဒို ဆန်းတို့စ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်နဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ဘာကြောင့် ပွဲထွက် ကစားသမား အဖြစ် အသုံးမပြုပဲ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုခဲ့ရလဲ ဆိုတာကို ပွဲအပြီးမှာ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ပေါ်တူဂီနဲ့ စပိန်တို့က နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စု-၂ အတွင်းမှာ ချက် ၊ ဆွစ်ဇာလန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတွက် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေဟာ အရေးပါတဲ့ ပွဲတွေပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ယနေ့မနက် အစောပိုင်းမှာတော့ စပိန်နဲ့ ပေါ်တူဂီတို့က စပိန်နိုင်ငံ ၊ ဆီဗီးလားမြို့မှာ အုပ်စု-၂ အဖွင့်ပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး စပိန်က အဓိက တိုက်စစ်မှူး မိုရာတာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပေါ်တူဂီဘက်က လူစားဝင် တိုက်စစ်မှူး ဟော်တာရဲ့ နောက်ကျချေပဂိုးနဲ့ အတူ သရေတမှတ်ကို အရ သယ်သွားခဲ့ပါတယ်။

စပိန် ၁-၁ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ရိုနယ်ဒိုက လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ကာ ပေါ်တူဂီ ပရိသတ် အများစုက သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် ဘာကြောင့် အသုံးမပြုခဲ့တာလဲ ဆိုပြီး ဆန်းတို့စ်ကို မေးခွန်းထုတ်နေကြပါတယ်။

Photo Credit: Standard

ဆန်းတို့စ်ကတော့ သူဟာ ပွဲနဲ့ လိုက်ဖက်မယ့် နည်းစနစ်တွေကို ချမှတ်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ နည်းစနစ်ပိုင်း အရ အသက်အရွယ် ရလာတဲ့ ရိုနယ်ဒိုကို လူစားဝင် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲတာက ပိုကောင်းတာကြောင့် ရိုနယ်ဒိုကို အရန် ကစားသမား အဖြစ်သာ သုံးစွဲခဲ့တာပါလို့ ပွဲအပြီးမှာ ရှင်းပြသွားခဲ့ပါတယ်။

ဆန်းတို့စ်က – “ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘာမှတော့ ထွေထွေထူးထူး ရှင်းပြစရာ မလိုပါဘူး။ (ရိုနယ်ဒိုကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့မှုအား ရည်ရွယ်လျက်) ကျွန်တော်တို့က ပွဲတိုင်းမှာ သင့်တော်တဲ့ နည်းစနစ်တွေကိုပဲ ချမှတ်လေ့ ရှိပါတယ်။ ဒီပွဲမှာလည်း ဒီလိုပါပဲ။ ကျွန်တော်အတွက် ဒီပွဲမှာ ရိုနယ်ဒိုကို ပွဲထွက်လူစာရင်းထဲ မထည့်ဖို့ ဆုံးဖြတ်ခဲ့တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။